Western News

ထိုင်းနိုင်ငံ ချာချင်ဆောင်မြို့က တရုတ်နိုင်ငံသားပိုင် သတ္တုစက်ရုံလုပ်ငန်းခွင်မှာ အလုပ်လုပ်နေသည့် MOU မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးများကို စက်ရုံတာဝန်ရှိသူများက မသင်္ကာမှုနှင့် အဝတ်ဗလာဖြင့် စစ်ဆေးနေသည်။

စက်ရုံတာဝန်ရှိသူများ၏ လုပ်ရပ်ကို မကျေနပ်၍ အလုပ်သမားများက ထိုင်းနိုင်ငံအခြေစိုက် WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံ တိုင်ကြားထားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံသားပိုင် သတ္တုစက်ရုံတွင် အလုပ်သမားများ အလုပ်ဆင်းချိန် အသံမြည်စက်ဖြင့် စစ်ဆေးရာမှာ မြန်မာအမျိုးသမီးများအား အဝတ်ဗလာဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

WAG တာဝန်ရှိသူ ကိုမုန်တိုင်းက “ဒီစက်ရုံမှာ အမျိုးသမီးတွေကို အလုပ်ဆင်းတဲ့ အချိန်မှာ အသံမြည်တဲ့ စက်ကရိယာတွေနဲ့ အဝတ်ဗလာချွတ်ခိုင်းပြီး စစ်ဆေးတယ်လို့ သိရတယ်၊ အကြောင်းအရင်းက အမျိုးသမီးတွေရဲ့ အတွင်းခံ အကျီတွေမှာ သံထည်ဂျိတ်ကောက်တွေ ရှိလို့ ထမြည်တာကို မသင်္ကာမှုနဲ့ စစ်တာဖြစ်တယ်” ဟု ပြောသည်။

တရုတ်နိုင်ငံသား အမျိုးသား တစ်ဦးနှင့် ထိုင်းနိုင်ငံသား အမျိုးသား နှစ်ဦးက မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးများအား အခန်းတစ်ခုတွင် မသင်္ကာမှုကို ခေါင်းစဉ်တပ်၍ အဝတ်ဗလာဖြင့် စစ်ဆေးခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံသားပိုင် သတ္တုစက်ရုံမှာ တန်ဖိုးကြီး လက်ဝတ်ရတနာများ ထုတ်လုပ်သည့် စက်ရုံ တစ်ခုဖြစ်သည်။

သတ္တုအပိုင်းအစများကို ယင်းစက်ရုံရှိ တရုတ်နိုင်ငံသား အလုပ်သမားအချို့က ခိုးယူနေကြ၍ စက်ရုံတာဝန်ရှိသူများမှ အလုပ်သမားများအားလုံးကို မသင်္ကာမှုဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။

ကိုမုန်တိုင်းက “ဒီလိုမျိုး အမျိုးသမီးတွေကို အဝတ်ဗလာနဲ့ စစ်ဆေးတာကို လက်မခံတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တိုင်းကြားမှုကြောင့် သက်ဆိုင်ရာက သွားရောက် စစ်ဆေးတာတွေ ရှိခဲ့တယ်” ဟု ပြောသည်။

အမျိုးသမီးများအပေါ် နည်းလမ်းမမှန်စစ်ဆေးမှု လက်မခံသည့် မြန်မာအလုပ်သမားအမျိုးသမီးကို ထမင်းမကြွေးခြင်း၊ အခန်းထဲ ပိတ်ထားလှောင်ထားခြင်းနှင့် အထောက်ထား စာရွက်စာတမ်းများကို သိမ်းဆည်ထားခြင်း စစ်ရုံတာဝန်ရှိသူများက ပြုလုပ်နေသည်။

အဆိုပါ ကိစ္စအား ထိုင်းအာဏာပိုင်များက စက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ပြီးနောက် အလုပ်သမားများနှင့် စက်ရုံတာဝန်ရှိသူတို့ကြား ပြေလည်စေရန် ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version