Western News

(ကုသရန်ဆေးဝါးမရှိ၍ ကူးစက်ခံရသူ ၂၀၀ နီးပါးအထိ ပျံ့နှံ့လာနေ)

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်များနှင့် စစ်ရှောင်မဟုတ်သော အရပ်သားပြည်သူများမှာ အရေပြားရောဂါဖြစ်ပွားမှု ပိုမိုများပြားလာနေကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူများက ပြောသည်။

ပုဏ္ဏားကျွန်းဒေသတွင် အရေပြားရောဂါဖြစ်ပွားမှု မိုးဦးစကာလ ဇွန်လကစ၍ ဖြစ်ပွားနေပြီး လက်ရှိတွင် ပိုမိုပျံ့နှံ့လာကာ ကလေး၊ လူကြီးအားလုံး ဖြစ်ပွားနေကြသည်ဟု စစ်ဘေးရှောင်များအရေးကူညီထောက်ပံ့ပေးနေသည့် လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” အရေပြားယားယံတာတွေ၊ ယားနာ ပေါက်တာတွေက အဖြစ်များလာကြပါတယ်။ စဖြစ်တာကတော့ မိုးဦးကတည်းက လူ ၁ ဦးစ၊ ၂ ဦးစ လောက်မှာတွေ့ရတယ်။ အခုကျတော့ ဖြစ်နှုန်းကများပြီး မြန်လာတယ်။ စစ်ဘေးရှောင်တွေမှာပဲ အဖြစ်များတာကလည်း သူတို့က တစ်ယောက်နဲ့တစ်ယောက် အထိတွေ့များတယ်။ သီးသီးသန့်သန့် နေထိုင်နိုင်တာမျိူး မရှိဘူး။ စနစ်တကျ ကုသမှုတွေလည်း မလုပ်နိုင်ကြတာကြောင့်လည်း ပါပါတယ်” ဟု ပြောသည်။

လက်ရှိတွင် အရေပြားရောဂါဖြစ်ပွားနေသည့် စစ်ဘေးရှောင်အရေအတွက် ၂၀ဝ ခန့်ရှိနေပြီး ကလေးငယ်မှ လူကြီးအထိ အသီးသီးပါဝင်ကြောင်း သိရသည်။

အရေးပြားတွင် ယားနာများမှာ နေရာအနှံ့ဖြစ်ပွားနေကြခြင်းဖြစ်ပြီး လိုအပ်သည့်ဆေးဝါများဝယ်ယူကုသရန်မှာလည်း ငွေကြေးပိုင်းအဆင်မပြေမှုများရှိနေကြသည်ဟု အရေပြားရောဂါဖြစ်ပွားနေသူ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“ကူညီပေးကြတဲ့ သူတွေရှိကြပါတယ်။ ဒါပေမယ့်လည်း အကုန်လုံးခက်ခဲနေကြတဲ့အချိန်မှာ အပြည့်အစုံ ကူညီပေးနိုင်ကြဖို့ကလည်း မလွယ်ဘူးလေ။ ယားနာတွေကတော့ ခန္ဓာကိုယ်အနှံ့ပေါက်ကြတာပါပဲ။ ဆေးဝယ်ကုဖို့ဆိုတာကလည်း ဆေးဆိုတာ ဒီမှာ စျေးအမြင့်ဆုံးနဲ့ အရှားပါးဆုံး ပစ္စည်းလိုဖြစ်နေတော့ မတတ်နိုင်ကြတာများပါတယ်” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်က လက်ရှိစစ်ဘေးရှောင်များမှာ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများမှကဖြစ်ပြီး မိမိဒေသသို့ ပြန်လည်နေထိုင်နိုင်မှု မရှိသေးသည့်သူများဖြစ်သည်။

ထိုသူများမှာ လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသအချို့ရှိ လမ်းဘေးမြေကွက်လပ်များ၊ လယ်ယာမြေများတွင် တဲများထိုးကာ နေထိုင်နေကြရသည်။

(လင်းရောင်ခြည်ဖောင်ဒေးရှင်း သည် ပုဏ္ဏားကျွန်းဒေသတွင် စစ်ဘေးရှောင်များအား စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးများကို ထောက်ပံ့ကူညီပေးနေပြီး လူငယ်များကိုလည်း ကွန်ပျူတာသင်တန်း အခမဲ့ပြုလုပ်ပေးနေသော အဖွဲ့တစ်ခုဖြစ်သည်)

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version