Western News

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးနှင့် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး အမှုဆောင်တို့ တာဝန် မထမ်းဆောင်လို ၍ ထွက်ပြေးရာကနေ သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးခံလိုက်ရသည်။

တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးဇာနည်တိုးနှင့် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး အမှုဆောင် ဦးမောင်စိန်တို့နှစ်ဦးအား တောင်ကုတ်ကနေ ထွက်ပြေးရာကနေ တောင်ကုတ် ရိုးမလမ်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရသည်။

တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးဇာနည်တိုးနှင့် နီးစပ်သူတစ်ဦးက “သူတို့နှစ်ယောက်က တာဝန်ထမ်းဆောင်လိုခြင်းမရှိလို့ ထွက်ပြေးကြတယ်။ အဲ့ဒီသတင်း တိုင်ကြားမှုကြောင့် နှစ်ယောက်လုံး အဖမ်းခံလိုက်ရတယ်။ တောင်ကုတ် ရိုးမလမ်း မှာ အဖမ်းခံလိုက်ရတာပါ”ဟုပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၈ ရက်နေ့ တောင်ကုတ်မြို့ ကနေ ထွက်ပြေးတိမ်းရှောင်ရာကနေ တောင်ကုတ် ရိုးမလမ်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသေးကြောင်း သိရသည်။

၎င်းတို့နှစ်ဦးကို ဖမ်းဆီးပြီးနောက် တောင်ကုတ်မြို့ စကခ (၅)တွင် ချုပ်နှောင်ထားပြီး နိုင်ငံတော်တားမြစ်ချက်ဥပဒေ ဖောက်ဖျက်မှုဖြင့် စစ်တပ်က ယင်းကဲ့သို့ ဖမ်းဆီးထိန်းထားခြင်း ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

ဦးဇာနည်တိုးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ကျခြင်းဖြစ်ပြီး ဦးမောင်စိန်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး အမှုဆောင် အဖြစ် တာဝန်ကျလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကောင်စီတပ်နှင့် AA တို့ တောင်ကုတ်မြို့နယ် နေပူတောင် အနီးတစ်ဝိုက်တွင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်စခန်းများ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တောင်ကုတ်တက္ကသိုလ်တွင် သင်တန်းရေးရာဌာနမှူးအိမ်နှင့် ကား ပျက်စီးသွားခဲ့ပြီး ယင်းနောက်တွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်က တောင်ကုတ်တက္ကသိုလ်ဝန်းထဲ တပ်စွဲလိုက်သည်။

တောင်ကုတ်မြို့ ပါမောက္ခချုပ်နှင့် တက္ကသိုလ်ဆရာ/ဆရာမများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ် ခြိမ်းခြောက်၍ တောင်ကုတ်တက္ကသိုလ် ဝန်းထဲမှ နှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကုတ်ဒေသခံများက ပြောဆိုသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version