Western News

ရန်ကုန်-ရခိုင်ပြည်ကို တောလမ်းများမှ ပွဲစားဖြင့်သွားလာကြသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးနေကြောင်း သိရသည်။

စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်ထားချက်များကြောင့် ရန်ကုန်မှ ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်၍ မရဖြစ်နေကြသည့် ရခိုင်အများစုမှာ ရခိုင်သို့ လာရောက်နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းလျှက်ရှိနေကြသည်။

ထိုကဲ့သို့ ကြိုးပမ်းသူများမှာ ရသည့်နည်းဖြင့် သွားလာကြရာမှ လမ်းခရီးတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကို ခံကြရခြင်းဖြစ်သည်ဟု ရန်ကုန်ရောက် ရခိုင်အမျိုးသမီးတစ်ဦးကပြောသည်။

“အများအားဖြင့် အဖမ်းခံကြရတယ်။ ကျမတို့ ရခိုင်ပြန်တုန်းကဆိုရင် အယောက် ၃၀ လောက်ပါတယ်။ တစ်ယောက်ကို ကျပ် ၆ သိန်းစီပေးပြီး သွားရတာ။ ရခိုင်ကိုလည်း မရောက်ခဲ့ပါဘူး။ လမ်းခုလတ်မှာ စစ်ကောင်စီထံမှာ အဖမ်းခံရတယ်။ ပြန်လွှတ်လိုက်ပေမယ့် သူတို့က ရခိုင်ကိုဘယ်တော့မှ မပို့ပါဘူး။ ရန်ကုန်ကိုပဲ ပြန်လာကြရတယ်။ ပိုက်ဆံလည်းဆုံး ခရီးလည်းမရောက်ဖြစ်တာပဲ” ဟု ပြောသည်။

ရခိုင်သို့မရောက်ရှိခဲ့ဘဲ လမ်းခုလတ်မှ ရန်ကုန်သို့ ပြန်လည်ရောက်သွား၍ များစွာအခက်ခဲဖြစ်ကြရသည်ဟုလည်း သိရသည်။

အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူ အမျိုးသမီးငယ်တစ်ဦးက ရခိုင်ပြန်ရန်စီစဥ်သည့်အတွေ့အကြုံနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“ဒီမှာလည်း အခြေနေတွေက သိပ်မကောင်းတော့ ကိုယ့်ဒေသပဲ ပြန်ချင်တော့တာနဲ့ ပြန်လို့ရမယ့် အခြေနေတွေ စုံစမ်းရာကနေ တစ်ယောက်နဲ့ချိတ်မိတယ်။ သူက လမ်းကြောင်းပေးလို့ရတယ်။ ၇ သိန်းပေးရမယ်။ လမ်းခရီး နည်းနည်းကြမ်းတာတွေတော့ ရှိမယ်လို့ပြောတာနဲ့ ပြန်ဖို့စီစဉ်တယ်။ အလုပ်က ထွက်လိုက်တယ်။ ပြန်တော့ ကျမတို့အုပ်စု အဖမ်းခံရတယ်။ လပိုင်းလောက်အကြာထိ အချုပ်ခံခဲ့ရတယ်။ ပြန်လွတ်တဲ့အချိန် သူတို့ကပြောတယ်။ ရခိုင်ပြန်မယ်ဆိုတာဝန်မယူဘူး။ ရန်ကုန်ပဲ ပြန်ရင် ပိုအဆင်ပြေမယ်တဲ့။ ကျမတို့လည်း ကြောက်တာနဲ့ ရန်ကုန်ပဲ ပြန်ဖြစ်ခဲ့ကြတယ်။ ဒီရောက်တာနဲ့ အကြီးကျယ်ဒုက္ခရောက်တော့တာပဲ။ အလုပ်လည်းမရှိ။ နေစရာလည်းမရှိတော့ဘူးလေ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များထံမှ ငွေတောင်းခံသည်များရှိပြီး တစ်ဦးကို ပျမ်းမျှ ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်းကြား ပေးရသည်ဟု ဖမ်းဆီးခံရပြီး လွတ်မြောက်လာသူများထံမှ သိရသည်။

ရန်ကုန်မှ ရခိုင်သို့ ပြန်လည်ဝင်ရောက်လိုသူများကိုလည်း စစ်ကောင်စီမှ ယခုကဲ့သို့ တင်းကျပ်စွာ စစ်ဆေးဖမ်းဆီးမှုများပြုလုပ်ခြင်းမှာ နှစ်ဖက်တိုက်ပွဲများ စတင်ပြင်းထန်နေစဉ်ကပင်ဖြစ်ပြီး ထိုစဉ်က ရန်ကုန်မှ လေကြောင်းဖြင့် ရခိုင်သို့ပြန်လာသူ ရခိုင်လူငယ်အများအပြားကို စစ်ကောင်စီတပ်မှ စတင်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ထိုဖြစ်စဉ်ပြီးနောက် ရန်ကုန်မှ ရခိုင်သို့ လာရောက်လိုသူများမှာ လေယာဖြင့်မသွားတော့ဘဲ တောလမ်းများမှ ပွဲစားများဖြင့် အဆင်ပြေသလို သွားလာနေကြရသည်။

ရန်ကုန်ရောက် ၁၁ မျဉ်းစောင်း ကိုင်ဆောင်ထားသော ရခိုင်တိုင်းရင်းများကို ရန်ကုန်ပြင်ပသို့ ထွက်ခွာခွင့်၊ ခရီးသွားလာခွင့်များကို စစ်ကောင်စီက ဧပြီလအတွင်းက စ၍ ပိတ်ပင်ခဲ့သည်။

အနယ်နယ်အရပ်ရပ်မှ ပြန်လာကြသော ပြည်ဝင်ရခိုင်တိုင်းရင်းသားများကို စစ်ကောင်စီက လိုက်ခံဖမ်းဆီးနေပြီး ရခိုင်ပြည်က ထွက်ခွာလိုလျှင် အသက်အရွယ်အပေါ်မူတည်၍ လွှတ်ပေးခြင်းနှင့် ဝန်ထမ်းများအား ခွင့်ပြုထားကြောင်း စုံစမ်းသိရသည်။

About Author
Western News
View All Articles
Check latest article from this author !

1 Comment

Comments are closed.

Related Posts

Exit mobile version