Western News

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်တွင် ရေနံနှင့် သတဘာဝဓာတ်ငွေ့ တူးဖော်ခြင်းလုပ်နေသည့် Posco International E & P ကုမ္ပဏီရုံးတွင် လုပ်ကိုင်နေသည့် ဝန်ထမ်း ၄ ဦး အိမ်အပြန် ရန်ကုန်လေဆိပ်တွင် ယခု ရက်ပိုင်းအတွင်း ထပ်မံ ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံထားရသူများနှင့် နီးစပ်သူများက ပြောကြားသည်။

Posco International E&P မှ ဝန်ထမ်း ၃ ဦးကို ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ဖူးပြီး ထပ်မံ၍ ၄ ဦးကို ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက “ POSCO INTERNATIONAL က ကျောက်ဖြုက OGT ဝန်ထမ်းတွေ အိမ်အပြန် ရန်ကုန်လေဆိပ်မှာ ထပ်မံဖမ်းခံရပါတယ်။ ဖမ်းတဲ့သူတွေကို ဘာအမှုနဲ့ ဘယ်ခေါ်မှန်း မသိရသေးဘူး ကျွန်တော်ကြားတဲ့ သတင်းအရတော့ OGT ပြင်ပမှာလည်း မိုင်းတွေ ထောင်ထားတယ် ပြောတယ်” ဟု ပြောသည်။

Posco International E&P သည် တောင်ကိုရီးယားကုမ္ပဏီဖြစ်သော်လည်း အဆိုပါ ကုမ္ပဏီတွင် လုပ်ကိုင်နေသူများသည် စစ်တပ်နှင့်ပူးပေါင်း၍ ဝန်ထမ်းများကို ဖမ်းဆီးရာတွင် ကူညီပေးနေကြောင်း သိရသည်။

ဖမ်းဆီးခံရသော ဝန်ထမ်းများကို သက်သေမရှိဘဲ စစ်တပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုထားကြောင်း ဇူလိုင်လအတွင်း ဖမ်းဆီးခံထားရသည့် ဝန်ထမ်းများ၏ မိသားစုဝင်များက ပြောကြားသည်။

“သက်သေ လုံးဝမရှိဘူး။ ဘာမှ သက်သေမရှိဘဲနဲ့ အမိန့်ချတာ။ Posco လူကြီးတွေက စစ်တပ်ဘက်နဲ့ ပေါင်းပြီးတော့ သူ့ဆီက အလုပ်လုပ်တဲ့ လူတွေ၊ ဒီ အလုပ်လုပ်နေတဲ့ လူတွေက PTTEP တို့ Part Time သဘောတွေပေါ့။ အမြဲတမ်း Worker မဟုတ်တဲ့ လူတွေကို ခဏခိုင်းပြီးတော့ အကုန်လုံး သူလျှိုနဲ့ ဝင်ပြီးတော့ ဖမ်းတာပါ” ဟု ဖမ်းဆီးခံထားရသည့် ဝန်ထမ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

စစ်ကောင်စီတပ်က Posco ဝန်ထမ်းများကို ဖမ်းဆီးပြီးနောက် လစာများ၊ ငွေ ကြေးများ၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်း လုယူထားကြောင်း၊ K Pay ဘဏ်အကောင့်မှ ငွေကြေးများကို စစ်ထောက်လှမ်းရေးများ လွှဲပြောင်းရယူသွားကြောင်း သိရသည်။

သတင်းရင်းမြစ်တစ်ခုက ” စရဖ က လူကိုလည်းဖမ်း၊ လစာတွေ ဘဏ်ထဲက ငွေတွေကိုပါ ရိုက်ပြီးလွှဲခိုင်းတာ။ ဝတ်ထားတဲ့ အင်္ကျီကအစ ချွတ်ယူထားတာ၊ လစာကောင်းတဲ့လူတွေကိုဖမ်းပြီး ငွေလည်းယူ လူလည်းတရားစွဲ လုပ်လာတာ” ဟု အခြေအနေကို ပြောပြသည်။

ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ကျောက်ဖြူမှ လေယာဉ်သည် ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်စဉ် ခရီးသည်အဖြစ် လိုက်ပါလာသော ရခိုင်တိုင်းရင်းသား ဆရာဝန် ဒေါက်တာ ဦးကို ဆိုသူကို စစ်တပ်က လေဆိပ်ထဲတွင် ဝင်ရောက် ဖမ်းဆီးခဲ့သည်။

ဒေါက်တာဦးကိုသည် Posco International (OGT) မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ကို မသိရှိရကြောင်း၊ လက်ရှိအချိန်အထိ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရှိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version