Western News

မန္တလေးမြို့မှာ စစ်ကောင်စီထောက်ခံသူများ ဦးဆောင်သော စစ်မဖြစ်ရေးဆန္ဒပြသူများထဲတွင် ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ်မှ ပျူစောထီး အများအပြားပါဝင်ကြောင်း ဒေသခံပြည်သူများကပြောသည်။

ယမန်နေ့ ဩဂုတ်လ ၂၉ ရက်ကစပြီး မန္တလေးမြို့ပေါ်တွင် စစ်တပ်ထောက်ခံသူများနှင့် စစ်တပ်လော်ဘီများ အပါအဝင် စုစုပေါင်း လူအင်အား ၂၀၀ ကျော်က စစ်မဖြစ်ရေး ဆန္ဒပြသည်ဟုဆိုကာ မော်တော်ယာဉ်များဖြင့် လှည့်လည်ခြင်း၊ လမ်းလျှောက်ချီတက်ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယင်းသို့ စစ်ပွဲမဖြစ်ပွားရေး ဆန္ဒပြသူများတွင် မန္တလေးမြို့ခံများပါဝင်မှု အလွန်နည်းပါးပြီး ပါဝင်သူများမှာ မျက်နှာစိမ်းများဖြစ်ကြောင်း မန္တလေးမြို့မှ ပြည်သူတစ်ဦးက ပြောသည်။

“ဆန္ဒပြသူတွေက မန္တလေးမြို့ပေါ်ကလူတွေ အားလုံးတော့မဟုတ်ဘူး။ မန္တလေးမှာ စစ်ပွဲမဖြစ်ရေးဆိုပြီး မန္တလေးမြို့ခံမဟုတ်တဲ့သူတွေ လုပ်တဲ့ဆန္ဒပြပွဲပေါ့” ဟု ပြောသည်။

ဆန္ဒပြပွဲမှဓာတ်ပုံများကို ရယူ၍ မဘသ ကွန်ရက်နှင့် ပျူစောထီး သတင်းရင်းမြစ်တချို့ထံသို့ ဆက်သွယ် မေးမြန်းရာ မန္တလေးမြို့ဆန္ဒပြပွဲပါဝင်သူများတွင် ပခုက္ကူမြို့နယ်၊ ဇီးကုန်းကျေးရွာနှင့် စစ်တပ်လော်ဘီ ပေါက်ကိုယ်တော်၏ တပည့် ပျူစောထီးအဖွဲ့ အများအပြားပါဝင်ကြောင်း စုံစမ်းသိရသည်။

ပခုက္ကူမြို့၊ ဇီးကုန်းကျေးရွာမှ သတင်းရင်းမြစ်က “မန္တလေးဆန္ဒပြပွဲမှာပါတာက ပခုက္ကူမြို့နယ် ဇီးကုန်းရွာက ပျူစောထီးတွေအများကြီးပဲ။ မျက်နှာတွေက အကုန်ရင်းနှီးပြီးသားတွေပဲ။ ၃၀ ဦးလောက်တော့ ဇီးကုန်းရွာက လူတွေ။ အဲဒီဇီးကုန်းရွာသား ပျူစောထီးတွေက မန္တလေးရောက်နေတာလား၊ မန္တလေးကို ခေါ်ထားတာလား အဲဒါတော့ သေချာမသိဘူး။ ” ဟု ပြောသည်။

ထို့ပြင် စစ်တပ်လော်ဘီ ပေါက်ကိုယ်တော်၏ တပည့် ပျူစောထီးအဖွဲ့များလည်း မန္တလေး စစ်ပွဲမဖြစ်ရေး ဆန္ဒပြပွဲတွင် တက်ရောက်ခဲ့ကြပြီး အလံကိုင်ဆောင်သူများမှာ ပေါက်ကိုယ်တော်၏ တပည့်ရင်း ပျူစောထီးများဖြစ်ကြောင်း သိရသည်။

ပေါက်ကိုယ်တော်၏ မွေးရပ်မြေ ဒေါင်းသာကျေးရွာမှ လူတချို့လည်းပါဝင်ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်တချို့က အတည်ပြုပြောဆိုသည်။

ဆန္ဒပြပွဲ ဦးဆောင်သူတချို့တွင် မန္တလေးမြို့ခံလည်းဖြစ်၊ ၄၃လမ်း၊ ၅၅ နှင့် ၅၆ အကြားတွင် နေထိုင်သော ပျူစောထီးခေါင်းဆောင် ၁ ဦး ပါဝင်ကြောင်း သိရသည်။

(ရန်ကုန်ခေတ်သစ်မီဒီယာသည် Western News ၏ မိတ်ဆက်အဖွဲ့ဖြစ်သည်)

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version