Western News

(ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲများကြောင့် မွတ်ဆလင် ၈,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံ)

ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ခိုလှုံရန်ရောက်သွားကြသည့် မွတ်ဆလင်များကို နေရပ်ပြန်ပို့နိုင်ရေး အာရက္ခတပ်တော် AA နှင့် ဆွေးနွေးရေးလမ်းကြောင်းတစ်ခု ဖန်တီးရန် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ကို အကြံပြုထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေးက ဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေး Md Touhid Hossain ကို မွတ်ဆလင်အရေးနှင့်ပတ်သက်၍ သတင်းထောက်များမှ မေးမြန်းရာတွင် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

Touhid က “မွတ်ဆလင်တွေ နေရပ်ပြန်ရေး လွယ်ကူချောမွေ့စေဖို့ ရခိုင်ပြည်နယ်မှာ လက်ရှိ ထိန်းချုပ်ထားတဲ့ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု လိုအပ်ကြောင်း အကြံပြုခဲ့ပါတယ်။” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲများကြောင့် ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင် ၈,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ဝင်ရောက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး Touhid က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲရှိ မွတ်ဆလင်များ နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အတွင်း လာမည့် ၃ ရက်မှာ ဆွေးနွေးကြမည်ဟု Touhid က ပြောသည်။

“ဘင်္ဂလားဒေ့ရှ်ကို မွတ်ဆလင် ၈,၀၀၀ လောက် ဝင်လာတယ်ဆိုတဲ့ သတင်းတွေ ရှိတယ်။ လာမယ့် ၂ ရက် ၃ ရက်အတွင်း အစိုးရအဖွဲ့မှာ အလေးအနက် ဆွေးနွေးသွားမှာပါ” ဟု ဆိုသည်။

ရခိုင်ပြည်ထဲက မွတ်ဆလင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ နောက်ထပ် မဝင်ရောက်လာစေရေးနှင့် ခိုလှုံခွင့်မပြုရန် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ဝင် မူအားဖြင့် သဘောတူထားကြကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် မွတ်ဆလင် ၁ သန်းကျော်ရှိပြီး နေက်ထပ်ဝင်ရောက်လာသူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ နေရာထိုင်ခင်းနှင့် အမိုးအကာများကို ထောက်ပံ့ပေးစွမ်းနိုင်ခြင်းမရှိ၍ လက်မခံခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

မြန်မာစစ်တပ်၏ စစ်ဆင်ရေးတစ်ခုကြောင့် ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတို့က မွတ်ဆလင် တစ်သန်းကျော်မှာ ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရကြောင်းနှင့် ရာနှင့်ချီသော သတ်ဖြတ်မှုကို ခံခဲ့ရ၍ ဩဂုတ်လ ၂၅ ရက်နေ့ကို “လူမျိုးတုံးသတ်ဖြတ်မှုနေ့” အဖြစ် မွတ်ဆလင်များက သတ်မှတ်ထားကြသည်။

ပုံစာ – ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ULA/AA ဦးစီးကျင်းပသော ရခိုင်ပြည် ကျောက်တော်မြို့နယ် ဗိုလ်မင်းရပ်ရွာတွင် မွတ်ဆလင်နှင့် ရခိုင်မျိုးနွယ်စုများ ချစ်ကြည်ရေးဘောလုံးပွဲအတွင်း မွတ်ဆလင်အမျိုးသားတစ်ဦးအား တွေ့ရစဉ်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version