Western News

ရခိုင်ပြည်ကို တစ်ပြည်ထောင်စနစ် Unitary State System ဖြင့် အုပ်ချုပ်သွားမည်ဟု အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် (တပ်မှူးချုပ်) ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာန အင်တာဗျူးတွင် ပြောဆိုထားသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို The Diplomat သတင်းဌာနမှ အွန်လိုင်းက အင်တာဗျူးထားပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ဖော်ပြခဲ့သည်။

အစောပိုင်းမှာ ဗဟိုချုပ်ကိုင်မှုဖြင့် တစ်ပြည်ထောင်အစိုးရကို ထူထောင်ပြီး နောက်ပိုင်းတွင် အစိုးရအလွှာအသီးသီးထံ ခွဲဝေသွားနိုင်ခြေရှိကြောင်း ဗိုလ်ချုပ်က ပြောသည်။

“ULA က ရှေ့ဆောင်ပါတီအဖြစ် ခေါင်းဆောင်တဲ့ တစ်ပြည်ထောင်စနစ် (Unitary State System) တစ်ရပ် ရှိပါလိမ့်မယ်။ စစ်တပ်ကတော့ ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမှာပါ။ ကနဦးအပိုင်းမှာ ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးတဲ့ တစ်ပြည်ထောင်အစိုးရ တစ်ရပ်ကို ထူထောင်ပြီးမှ နောက်ပိုင်းမှာ အရည်အချင်းနဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေအပေါ် မူတည်ပြီး အုပ်ချုပ်ရေးအာဏာကို အစိုးရအလွှာအသီးသီးဆီ ခွဲဝေသွားနိုင်ခြေရှိပါတယ်။” ဟု ဆိုသည်။

အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်၏ အကျိုးကျေးဇူးကို အာရက္ခပြည်သူအားလုံး ရရှိစေလိုသည့်ဆန္ဒအတွက် AA ၏ စီးပွားရေးမူဝါဒက ယေဘုယျအားဖြင့် Welfare-oriented (အများပြည်သူဝန်ဆောင်မှုနှင့် ပြည်သူ့အကျိုးစီးပွားကို ရှေ့ရှုသည့် စနစ်) ဖြစ်ပါလိမ့်မည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

အာရက္ခတပ်တော် AA သည် ရခိုင်ပြည်ထဲက စစ်ကောင်စီတပ်များအားလုံးကို တိုက်ထုတ်နေပြီး လက်ရှိတွင် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ ရမ်းဗြဲနှင့် ပလက်ဝဒေသ စသည့် မြို့နယ် ၁၁ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။

AA ထိန်းချုပ်ထားသည့် မြို့နယ်များတွင် ပိုကောင်းသော အုပ်ချုပ်ရေးစနစ်တစ်ခုကို ဖြည်းဖြည်းနှင့် မှန်မှန် စတင်ထူထောင်နေပြီဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆက်လက်ပြောသည်။

“ရခိုင်စစ်မျက်နှာမှာ ၁၈ မြို့နယ်ထဲက ၁၁ မြို့နယ်ကို လွတ်မြောက်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ။ ကျန်တဲ့မြို့နယ်တွေ လွတ်မြောက်ရေးအတွက် ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း ပိုကောင်းတဲ့ အုပ်ချုပ်ရေးစနစ်တစ်ရပ်ကို ဖြည်းဖြည်းနဲ့မှန်မှန် စတင်ထူထောင်နေပါတယ်။ သင့်တော်ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတစ်ရပ် ထူထောင်ရတာဟာ စစ်ရေးစစ်ရာတွေလိုပဲ ထပ်တူအရေးကြီးတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ စစ်ရေးနယ်ပယ်မှာ ကျွန်တော်တို့ အောင်ပွဲရထားသလိုပဲ “အုပ်ချုပ်ရေးအောင်ပွဲ” တစ်ရပ်လည်း မဝေးလှတဲ့ အနာဂတ်မှာ ကျွန်တော်တို့ လိုအပ်ပါတယ်။” ဟု ပြောသည်။

လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် တရားစီရင်ရေးတို့လို အရေးပါသော ပြည်သူ့ဝန်ဆောင်မှုများ ထောက်ပံ့ပေးနိုင်ရန်အတွက် ဆီလျော်မည့် အုပ်ချုပ်ရေးပုံစံတစ်ရပ် ထူထောင်ရခြင်းမှာ ULA/AA အတွက် တကယ့်ကို လုပ်ရကိုင်ရကျပ်သည့် တာဝန်တစ်ရပ်ဖြစ်သည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ရခိုင်ပြည်သူလူထုမှာ အလွန်ရဲရင့်ပြီး ခံနိုင်ရည်ရှိကြသူများဖြစ်ပြီး ရခိုင်ပြည်သူများ၏ ထောက်ခံအားပေးမှုမပါဘဲ ULA/AA သည် ယခုအခြေအနေအထိ စွမ်းဆောင်နိုင်မှာ မဟုတ်ကြောင်းနှင့် ၆ နှစ်ကျော်ကြာလာသည့် စစ်ပွဲကာလသည် အာရက္ခပြည်သူများအတွက် ခက်ခဲသည့်ကာလဖြစ်ခဲ့ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

“အဓိကကတော့ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ ခေတ်သစ်သမိုင်းထဲက အခက်ခဲဆုံးကာလကို ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်ပြီး ကျွန်တော်တို့လက်ထဲက အာရက္ခပြည်ရဲ့ အနာဂတ်ကို ပုံဖော်ထုဆစ်ဖို့ဟာ ကျွန်တော်တို့ရဲ့တာဝန် ဖြစ်တယ်ဆိုတာကိုတော့ သတိပြုဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ ဆန်ရှိတယ်။ ဟင်းသီးဟင်းရွက်၊ ငါး ရှိတယ်။ ဒါတွေဟာ ကျွန်တော်တို့ပြည်သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့ဖို့အတွက် ယာယီအားဖြင့် လုံလောက်ပါတယ်။ တိုက်ပွဲတွေက ဆက်ရှိနေတာ ဖြစ်တဲ့အတွက် ဒေသတွင်းက အသိုင်းအဝိုင်းတွေ အားလုံးမှာ ပုံမှန်မဟုတ်တဲ့ စိန်ခေါ်မှုတွေတော့ ရှိနိုင်ပါသေးတယ်။” ဟု ဆိုသည်။

ယခုလို အရေးပေါ် ကာလမျိုးမှာ စေတနာမှန်သည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အိမ်နီးချင်းနိုင်ငံများသည် လူသားချင်းစာနာမှု အထိုင်ပေါ်မှာ အခြေခံပြီး ULA/AA နှင့် အတူတူ ရပ်တည်ပေးကြလိမ့်မည်ဟု ယုံကြည်ထားကြောင်းနှင့် ULA/AA အစိုးရအနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်တလျှောက်မှာ ကုန်သွယ်ရေး အခွင့်အလမ်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် အကောင်းဆုံး ကြိုးစားသွားမည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုခဲ့သည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version