Western News

(လစဉ် ပျမ်းမျှ ၅၄ ဦးခန့် ဖမ်းဆီးခံနေရ)

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုများ၊ ပြောဆိုဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁၆၉၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။

အဆိုပါ အချက်အလက်များမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ကောက်ယူထားသော စာရင်းဖြစ်ပြီး ပြည်တွင်းပြည်ပက မူဝါဒချမှတ်သူများအတွက် အထောက်အကူပြုရန် ရည်ရွယ်သည်ဟု Data for Myanmar က ဆိုသည်။

၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးခံရသူဦးရေ သိသိသာသာများခဲ့ပြီး ၂၀၂၄ ခုနှစ်ထဲမှာ ဖမ်းဆီးမှုများ လျော့ကျလာကြောင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြို့နယ် ၂၄ မြို့နယ်က အွန်လိုင်းအသုံးပြုသူ ၃၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

” ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြုသူ ၅၄ ဦးခန့် လစဉ် ဖမ်းဆီးခံနေရတယ်။ ဖမ်းဆီးခံရသူတွေထဲက အများစုဟာ ရန်ကုန်နဲ့ မန္တလေးက အွန်လိုင်းအသုံးပြုသူတွေ ဖြစ်ကြပါတယ်။ စုစုပေါင်း ၈၀၆ ဦးတောင်ရှိခဲ့ပါတယ်။ ” ဟု Data for Myanmar က ပြောသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၄ ဇူလိုင်လကုန်အထိ မြို့နယ်ပေါင်း ၂၂၀ မှာ စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုများရှိခဲ့ပြီး ယင်းအထဲမှာ ပဲခူးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်မြို့နယ် နှင့် မဟာအောင်မြေမြို့နယ်တို့သည် အဖမ်းအဆီးများသည့် မြို့နယ်များဖြစ်ကြသည်။

ဖမ်းဆီးခံရသူများစုမှာ Facebook ပေါ်တွင် ရေးသားမျှဝေမှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အခြား အွန်လိုင်း ပလက်ဖောင်များဖြစ်သည့် TikTok, Telegram, Viber များပေါ်တွင် ရေးသားမျှဝေခြင်းများကြောင့် အဖမ်းခံရခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် ၎င်း၏ ဆက်သွယ်ရေးကွန်ရက်များနှင့် လော်ဘီများကတစ်ဆင့် အွန်လိုင်းအသုံးပြုသူများကို စောင့်ကြည့်ပြီး အရေးယူခြင်းနှင့် မြေပြင်တွင် လုံခြုံရေး စစ်ဆေးရေးဂိတ်များတွင် ဖုန်းများယူစစ်ခြင်းဖြင့် လူမှုကွန်ရက်အသုံးပြုသူများအားကို ဖမ်းဆီးအရေးယူနေခြင်းဖြစ်ကြောင်း သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version