Western News

(ရေဘေးသင့်ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ)

ရှမ်းပြည်နယ် တောင်ပိုင်းဒေသ လွိုင်လင်မြို့နယ်မှာ မိုးသည်းထန်၍ တောင်ကျရေများကြောင့် ခေါင်းနွဲ့ကျေးရွာအုပ်စုက နေအိမ် ၅၀ ကျော် ရေထဲမျောပါသွားကာ ဒေသခံပြည်သူ ၂၀ ရေနစ်မြုပ်သေဆုံးသွားကြောင်း သိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့စပြီး မိုးသည်းထန်စွာရွာသွန်းနေပြီး တောင်ကျရေများကြောင့် ချောင်းရေမြင့်တက်ကာ ခေါင်းနွဲ့၊ အိမ်ခတ်၊ နောင်နိမ့်၊ နော်ပိန်၊ လပ်လှိုင်ကုံလွမ် စသည့်ကျေးရွာများက နေအိမ် ၅၀ ကျော် မျောပါသွားကြောင်း ကူညီကယ်ဆယ်ရေးလုပ်သူများက ပြောဆိုကြသည်။

အိမ်ခတ်ကျေးရွာက နေအိမ် ၂၅ လုံး၊ စာသင်ကျောင်း ၃ ဆောင် ရေထဲမျောပါသွားကာ အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၆ ဦး စုစုပေါင်း ၁၃ ဦး ရေနစ်မြုပ်သေဆုံးကာ ၃၅ ဦးက ထိခိုက်ဒဏ်ရာရထားကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူ ခွန်ဝင်းသန်းက ပြောသည်။

“ မနက်အစောပိုင်း ၃ နာရီလောက်မှာ မိုးတအားရွာပြီးတော့ ငလျင်လည်း လှုပ်တယ်။ ငလျင်လှုပ်တော့ တောင်က ပေါက်ကွဲသွားတာ။ အဲဒီပေါက်ကွဲသံကဆိုရင် မိုးခြိမ်းသံလို ထွက် လာတာ၊ မြစ်တွေ၊ ချောင်းတွေကနေ ကြီးတာမဟုတ်ဘူး။ အဲဒီတောင်ပေါ်ချောင်းပဲရှိတာ၊ အဲဒီ ချောင်းကနေ ရေကြီးပြီး ရွာတွေ မြှုပ်သွားတာ။ ” ဟု ပြောသည်။

ခေါင်းနွဲ့ကျေးရွာက နေအိမ် ၂၀ လုံး ရေနစ်မြုပ်သွားပြီး အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၇ ဦး ရေနစ်မြုပ်သေဆုံးသွားကြောင်း သိရသည်။

နော်ပိန်ကျေးရွာကလည်း နေအိမ် ၅ လုံး ရေနစ်မြုပ်သွားပြီး အမျိုးသားအမျိုးသမီး ၈ ဦးသေဆုံးသွားကြောင်းနှင့် လပ်လှိုင်ကုံလွမ်ကျေးရွာက လူနေအိမ် ၄ လုံး ရေနစ်မြုပ်ပျက်စီးသွားသည်။

နော်နိမ့်ကျေးရွာမှာလည်း လူနေအိမ် ၆ လုံး မြေပိ၍ ပျက်စီးသွားပြီး ရွာလုံးကျွတ် ရေနှင့်လွတ်ရာသို့ ပြောင်းရွှေ့နေရသည်ဟု သိရသည်။

ရေဘေးသင့် ရွာသားတစ်ဦးက ” ရွာ ၅ ရွာ ပျက်သွားတာ၊ အလောင်းတော့ တချို့တွေ့တယ်၊ မတွေ့တာတွေလည်း ၁၀ ယောက် ကျော်ရှိတယ်။ ကလေးတွေရော၊ အမျိုးသမီးရော အမျိုးသားရော သေတဲ့အထဲပါတယ်။ ဆိုင်ကယ်တွေ၊ ကားတွေလည်းရေထဲ ပါသွားတာရှိတယ်။ တအားကြီးဆိုးတာက အိမ်ခေတ်ရွာ၊ ခေါင်းနွဲ့ ရွာနဲ့ နောင်ပိန် ရွာပေါ့။ ” ဟု ပြောသည်။

လက်ရှိ ရေဘေးသင့်ပြည်သူများမှာ လွိုင်လင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရပြီး အရေးပေါ်အကူအညီများ အရေးတကြီးလိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူ ခွန်ဝင်းသန်းက ပြောသည်။

” ရေထဲပါသွားတဲ့အိမ်တွေက လုံးလုံးကို မရတော့ဘူး။ ရေနဲ့မျော ချောင်းထဲရောက်သွားပြီ။ မြေ ကြီးထဲပါမြုပ်သွားတာ၊ ရွာသားတွေကလည်း ရွာပြန်လာလို့မရသေးဘူး၊ ရွာပြန်ထူထောင်ဖို့တော့ လမ်းပန်းဆက်သွယ်ရေး ပြန်ကောင်းဖို့တော့ ပြောလိုပါတယ်။ အရေးပေါ်စားသောက်ဖို့ အကူအညီလိုအပ်နေပါတယ်။ ” ဟု ပြောသည်။

အဆိုပါ ကျေးရွာ ၅ ရွာက ရေဘေးသင့်ပြည်သူ ၂၀၀ ကျော်ရှိပြီး အရေးပေါ်စားနပ်ရိက္ခာနှင့် နေအိမ်များသို့ ပြန်သွားနိုင်ရေး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးကို တောင်းဆိုနေကြသည်။

(ရန်ကုန်ခေတ်သစ် မီဒီယာသည် Western News ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည်)

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version