Western News

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာ၍ ရပ်ကွက်အများစုတွင် ရေကြီးရေလျှံဖြစ်ပေါ်နေပြီး ကူညီကယ်ဆယ်ရေး မလုံလောက်သဖြင့် ပြည်သူထောင်နှင့်ချီ ပိတ်မိနေကြောင်း ဒေသတွင်းပရဟိတအဖွဲ့များထံမှ သိရသည်။

မြစ်ကြီးနားမြို့နယ်၊ ရမ်ပူ၊ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ကျွန်းပင်သာ၊ ကချင်စု၊ ရွှေညောင်ပင်၊ မန်ခိန်၊ စီတာပူ၊ အေးစေတီ တို့တွင် ရေကြီးနေသည်။

ယင်းအပြင် ခေမာသီရိ၊ ဒူကထောင်၊ ရန်ကြီးအောင်၊ ပမ္မတီး၊ သီတာ၊ ယုဇန၊ မြေမြင့်၊ အောင်နန်း၊ ပေါ်ဦး အပါအဝင် ရပ်ကွက်အများစုတွင် ရေများအလုံးအရင်းဖြင့် ဝင်ရောက်လာနေပြီး ပြည်သူထောင်ချီ ပိတ်မိနေကြောင်း သိရသည်။

ကူညီနေသူတစ်ဦးက ” ရေက တအိအိနဲ့ကို တက်လာတဲ့အပြင် မိုးကလည်းရွာနေတယ်။ ကူညီဖို့ အကူအညီတောင်းသူတွေ များပေမယ့် လှေလည်း အလုံအလောက်မရှိဘူး။ ကူညီကယ်ဆယ်ရေးက အင်တိုက်အားတိုက် မလုပ်နိုင်ဘူးဖြစ်နေတယ်။ အခြေအနေ အတော်ဆိုးပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီက လက်ရှိတွင် ရေဘေးကယ်ဆယ်ရေး လုံး၀လုပ်ဆောင်ခြင်းမရှိကြောင်း ဒေသပြည်သူများက ပြောသည်။

“ အခုက တောက်လျှောက် မြုပ်နေတာ၊ ပရဟိတအဖွဲ့တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကတော့ ကယ် ဆယ်ကြပေမယ့် အားနည်းချက်ကတော့ စက်လှေမရှိတာပေါ့၊ ဒီဘက်အုပ်ချုပ်ရေးတွေကိုလည်း တင်ပြပေမယ့် အဆင်မပြေဘူး။ ကျနော်တို့အခု ကယ်ထုတ်နိုင်တဲ့လူတွေကျတော့ လူတစ်ရပ် လောက်နစ်တဲ့နေရာတွေမှာတော့ ကယ်ထုတ်နိုင်ပေမယ့် တော်တော်လေး ရေဝင်သွားတဲ့နေရာ၊ ရေစီးသန်တဲ့နေရာမျိုးကျတော့ စက်လှေမပါပဲနဲ့ ဘယ်လိုမှ အဆင်မပြေဘူးဖြစ်သွားတာ၊ ရေကလည်း ရေစီးသန်တယ်၊ တက်တာလည်း မြန်တယ်။” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကယ်ဆယ်ရေးတာဝန်ရှိသူများကို အကူအညီတောင်းခံသော်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြင်ဆင်ထားခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့နယ်အတွင်းသို့ မြစ်ရေ မြင့်တက်လာမှုသည် ၄ ပေ ကျော် ၅ ပေနီးပါးရှိလာနေပြီး မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အထက် ၄ ပေကျော် မြင့်တက်လာနေကြောင်း သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version