Western News

ရခိုင်ပြည် တောင်ပိုင်းဒေသ သံတွဲ၊ တောင်ကုတ်မြို့နယ်တို့တွင် စစ်ရေးပြင်းထန်နေချိန် အာဏာသိမ်း စစ်ကောင်စီသည် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နယ်က တပ်ရင်း၊ တပ်ဖွဲ့များကို စစ်အင်အား ယခင်ထက် ပိုမိုဖြည့်တင်းလာကြောင်း စစ်ရေးသိသူများထံမှ သိရသည်။

စစ်အင်အားဖြည့်တင်းရာတွင် လူအင်အားအပြင် စစ်လက်နက်ခဲယမ်း အမြောက်အများကိုလည်း ဖြည့်တင်းနေပြီး အဓိက နယ်မြေခံ အမှတ် ၃၂ ရဲတပ်ရင်းကို အင်အားဖြည့်တင်းနေကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

“အင်အားတွေ ထပ်ဖြည့်နေတာတွေ တွေ့ရတယ်။ ဇွန် ၂၇ ရက်ကတည်းက ငလပွေ့ဆိပ်က နေဗီကကတစ်ဆင့် ကားတွေနဲ့ ပစ္စည်းတွေ တော်တော်များများတင်ကြတယ်။ ကြည့်ရသလောက်တော့ လက်နက်ခဲယမ်းနဲ့ တပ်သားတွေပါမယ်။ ညဉ့်ဆိုတော့ ကားအစီးရေအရေအတွက်သေချာမသိနိုင်ဘူး။ ပစ္စည်းတွေကိုတော့ တစ်ညလုံးနီးပါးကို တင်ကြတာ။ အမှတ် ၃၂ ရဲတပ်ရင်းဖက်ကို သွားပို့တာ တွေ့ရတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ခလရ ၃၄၊ ခမရ ၅၄၂ တပ်ရင်း၊ ခမရ ၅၄၃ တပ်ရင်း၊ အမှတ် ၃၂ ရဲတပ်ရင်းနှင့် ရေတပ်ဌာနချုပ်တို့ရှိပြီး အဆိုပါ တပ်များထဲမှ အမှတ် ၃၂ ရဲတပ်ရင်းအနီးတွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေကြသည်။

ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့က အဆိုပါ ရဲတပ်ရင်းအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲ အပြန်လှန်ဖြစ်ပွားမှုရှိခဲ့သည်။

ယင်းနောက်ပိုင်း အဆိုပါ ရဲတပ်ရင်းဘက်မှ သေနတ်ပစ်ခတ်သံများ မကြာခဏကြားနေရပြီး ညအချိန်တွင်လည်း လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လာလျှက်ရှိသည်ဟု နောက်ထပ်ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

“ဒီရက်ပိုင်းတော့ တိုက်ပွဲမရှိဘူး။ ဒါပေမယ့် အဲ့အနီးနား တိုက်ပွဲဖြစ်ပြီးနောင်ပိုင်း သေနတ်ပစ်သံတွေ မကြာမကြာကြားရတယ်။ ပြီးတော့ ညရောက်ရင် လက်နက်ကြီးစပစ်တော့တာပဲ” ဟုပြောသည်။

ကျောက်ဖြူမြို့နယ်မှာ တရုတ်စီမံကိန်းများတည်ရှိသည့်မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နှင့် AA တို့မှာလည်း မြို့နယ်တွင်း နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားမှုရှိနေသည်။

တိုက်ပွဲများဖြစ်ပွားမှုရှိလာသည့် ကျောက်ဖြူမြို့နယ်မှာ အင်တာနက်လိုင်းလည်း ဖြတ်တောက်ခံထားရပြီး စစ်ကောင်စီတပ်၏ အဘက်ဘက်က်မှ ပိတ်ဆို့ထားခြင်းများကြောင့် မြို့ခံအများစုမှာ မြို့တွင်း၌ ပိတ်မိနေကြသေးကာ တိုက်ပွဲများပိုပြင်းထန်လာမည်ကို စိုးရိမ်လျှက်ရှိနေကြသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version