Western News

ရက်ပေါင်း ၂၀ ကျော် ဆက်တိုက်ရွာသွန်းခဲ့သော မိုးကြောင့် လေးမြို့မြစ်နှင့် ကုလားတန်မြစ်ရေမှာ ဆက်လက် မြင့်တက်နေ၍ မင်းပြား-မြောက်ဦး-ကျောက်တော်-ပုဏ္ဏားကျွန်း ကားလမ်းတစ်လျှောက် အနိမ့်ပိုင်းများတွင် ရေနစ်မြုပ်သွားပြီး ခရီးသွားယာဉ်များ ပိတ်မိနေကြကြောင်း သိရသည်။

ဩဂုတ်လ ၂ ရက်နေ့ကစ၍ ပိတ်မိနေကြခြင်းဖြစ်ပြီး မင်းပြား-မြောက်ဦးကားလမ်းတွင် ယာဉ်ပေါင်း ၅၀ ပိတ်မိနေကြသည်ဟု ခရီးသည်ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ကျနော်တို့ ဒီနားမှာ ၂ ရက်ရှိပြီ။ ဖြတ်လို့မရဘူး။ ဒီနေ့တော့ ရေက ပြန်ကျသွားတယ်။ ဒါပေမယ့် လမ်းမှာ သစ်တုံးတွေ ကန့်လန့်ဖြတ်နေတယ်။ ရေက ဖြတ်သွားမယ်ဆို ဖြတ်လို့တော့ရပေမယ့် သစ်တုံးတွေ၊ ဒိုက်ဖောင်တွေက လမ်းပေါ်မှာရှိနေတော့ သွားလို့မရဘူး” ဟု ပြောသည်။

လက်ရှိ မင်းပြား-ပုဏ္ဏားကျွန်းကားလမ်းတွင် ပိတ်မိနေသည့် ခရီးသည်ယာဉ်များမှာ အိန္ဒိယသုံးဘီး၊ ဆိုင်ကယ်၊ ခရီးသည်တင်ကား၊ ဝန်တင်ကား စသည်တို့ဖြစ်သည်။

ခရီးသည်တစ်ဦးက ” အရေးကြီးလူနာအတွက် တိုင်းရင်း ဆေးဆရာ သွားပင့်တာပါ။ အခုဘယ်လိုမှ သွားမရတော့ ဒီအတိုင်းပဲ နေရတယ်။ ရေက အခုကျနေပေမယ့် ခဏနေရင် ထပ်တက်လာနိုင်တော့ သွားရဖို့ဆိုတာ မသေချာတော့ဘူး” ဟု ပြောသည်။

လေးမြို့မြစ်ရေမှာ ကျေးလက်ဒေသများတွင် ကျသွားပြီဖြစ်သော်လည်း မင်းပြားမြို့နှင့် မြောက်ဦးမြို့တို့တွင် အနိမ့်ပိုင်းရပ်ကွက်များ နစ်မြုပ်နေဆဲဖြစ်ပြီး ယာဉ်တန်းပိတ်မိသည့်နေရာမှာ ပေါင်းတုတ်ရွာ၊ နန်းကျရွာ၊ မြောင်းဘွေ စသည့် ရွာအနီးအနားတို့တွင်ဖြစ်သည်။

အလားတူ ကုလားတန်မြစ်ရေကြောင့် ကျောက်တော်မြို့နယ် မဟာမုနိဘုရား၊ သရက်တစ်ပင်ရွာ အနီးအနားတွင် ကားလမ်း ရေနစ်မြုပ်နေ၍ ခရီးသွားယာဉ်များ သွားလာ၍မရခြင်းဖြစ်သည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version