Western News

ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ပြော

ချင်းအမျိုးသားတပ်မတော် CAN က အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးထားမှုခြင်းနှင့် မဟုတ်မမှန်ထုတ်ပြန်ထားမှုအပေါ် ချင်းညီနောင်အဖွဲ့က ဩဂုတ်လ ၃ရက်နေ့က သဘောထား ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်လိုက်သည်။

ULA/AA မှ တပ်ဖွဲ့ဝင် ၂ဦးသည် ဒဏ်ရာရ ရဲဘော်များ စာရင်းကောက်ယူရန်အတွက် စစ်ရေးတာဝန်ထမ်းဆောင်နေစဉ် CNF/CNA မှ လက်နက် အင်အား၊ လူအင်အားဖြင့် အသုံးပြုကာ ခြုံခိုဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

ယင်းနောက်တွင် ၎င်းရဲဘော် ၂ဦးအား မူးယစ်ဆေးဝါးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အတင်းအဓမ္မ လိမ်လည်ဝန်ခံထွက်ဆိုခိုင်းစေပြီး ဆိုရှယ်မီဒီယာများအပေါ် မဟုတ်မမှန် ရေးသားဖြန့်ဝေခြင်း၊ ပြောဆိုခြင်းများ တွေ့ရှိရကြောင်း ချင်းညီနောင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CNF/CNA ၏ လုပ်ရပ်သည် ချင်းပြည်သူများကို ကိုယ်စားမပြုဘဲ တော်လှန်ရေးကို တက်ကြွစွာ ပါဝင်လုပ်ဆောင်နေသည့် ပြည်တွင်း၊ ပြည်ပရှိ ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုများ အချင်းချင်းအကြား စည်းလုံးညီညွတ်ရေးနှင့်တကွ ချင်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကိုပါ ထိခိုက်စေကြောင်း ဆိုသည်။

ထို့အပြင် ချင်းပြည်သူနှင့် ရခိုင်ပြည်သူလူထုအကြား အမုန်းပွားလာအောင် သွေးထိုးလှုံ့ဆော်သည့် ယင်းကဲ့သို့သော လုပ်ရပ်များသည် ချင်းအမျိုးသား အချင်းချင်းအကြား တည်ဆောက်နေသော ယုံကြည်မှု၊ အမျိုးသားစည်းလုံးညီညွတ်မှုအား နှောင့်နှေးသွားစေ နိုင်သည်ကို သတိချပ်စေလိုကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဖမ်းဆီးထိန်းသိမ်းထားသည့် AA ရဲဘော် ၂ ဦးအား ချွင်းချက်မရှိ CNF/CNA အနေဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် နောက်နောင်တွင် တော်လှန်ရေးအဖွဲ့ အစည်းများအကြား ယခုလုပ်ရပ်များအား ထပ်မံ မပြုလုပ်ရန် ပြောဆိုထားသည်။

CNA က ဖမ်းဆီးထားသော တပ်သား ၂ ဦးနှင့်ပတ်သက်ပြီး AA က ယနေ့အချိန်အထိ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးသလို ဦးခိုင်သုခအား Western News က တယ်လီဂရမ်ချန်နယ်ကတစ်ဆင့် မေးမြန်းထားသော်လည်း အကြောင်းပြန်ခြင်းမရှိခဲ့ပေ။

ချင်းညီနောင်အဖွဲ့သည် စစ်ကောင်စီ ကင်းစင်ရေး လုပ်ဆောင်နေမှုတွင် မဟာမိတ်တပ်ဖွဲ့ များဖြစ်သည့် ULA/AA, YDF, YA တို့နှင့်အတူ မြို့ သိမ်းတိုက်ပွဲ ပါဝင်ဆောင်ရွက်နေသလို တစ်ဖက်တွင် မတူပီမြို့ ကို အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။

AA တပ်သား ၂ ဦး ချင်းတပ် CNA ထံ ဖမ်းဆီးခံထားရ

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version