Western News

ရခိုင်ပြည် ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများဖြစ်သော ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရဲ၊ ငှက်ချောင်း (၁)၊ ငှက်ချောင်း (၂) တို့တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြကြောင်း ဒုက္ခသည်များက ပြောသည်။ 

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အနောက်ရဲဒုက္ခသည်စခန်းမှာ ကလေးငယ်များ သေဆုံးမှုရှိနေပြီး အရေးပေါ်ကုသရန် လိုအပ်နေသည်ဟု အမည်မဖော်လိုသည့် စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

” စားနပ်ရိက္ခာပြတ်လပ်နေတာ ၅ လလောက်ရှိပါပြီ။ ကြုံရာရှာစားနေရပါတယ်။ ကလေးတွေက အစာအဟာရ ပြတ်တော့ ဗိုက်ဆာတဲ့အချိန် သန့်ရှင်းလား မသန့်ရှင်းလား မသိ တွေ့တဲ့ဟာ ကောက်စားတာပဲ။ စခန်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့သူ ကလေး ၂၀ ကျော်နဲ့ လူကြီး ၁၀ ကျော်ရှိပါတယ်။ ပြီးခဲ့ရက်ပိုင်းအတွင်းက ကလေး ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ရပါတယ်။ ဆေးကုဖို့ ဆေးဝါးကမရှိ၊ ဆေးဝယ်ဖို့ ပိုက်ဆံလည်းမရှိဘူး။ နောက်ထပ် လူတွေ ထပ်သေမှာကို အရမ်းစိုးရိမ်နေရပါတယ်။ ” ဟု ပြောသည်။ 

ဆင်တက်မော်၊ ကြိမ်နီပြင်၊ ငှက်ချောင်း စသည့် မွတ်ဆလင်ဒုက္ခသည်စခန်းများတွင်လည်း ၅ ဦးကနေ ၁၅ ဦးပတ်ဝန်းကျင်အထိ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေပြီး အများဆုံးမှာ ကလေးငယ်များဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက ပြောဆိုကြသည်။ 

ကြိမ်နီပြင်ဒုက္ခသည်စခန်းမှ အုပ်ချုပ်ရေးအဖွဲ့ဝင် မွတ်ဆလင်တစ်ဦးက ” ကျနော်တို့ ထောက်ပံ့ကူညီမှုမရတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မခံရတာ တော်တော် ကြာပါပြီ။ တိုက်ပွဲစဖြစ်ကတည်းကနေ နိုင်ငံတကာ အဖွဲ့တွေလည်း မလာကြဘူး။ ဒီဒုက္ခသည်စခန်း ၅ ခုမှာ ဒုက္ခသည်ပေါင်း ၃ သောင်းကျော်ရှိပါတယ်။ ရေလည်းမသန့်ရှင်းဘူး။ အစားအစာလည်း မသန့်ရှင်းဘူး။ ကျနော်တို့ တော်တော်လေး ဒုက္ခရောက်နေပါတယ်။ ကျနော်တို့ မွတ်ဆလင်ဒုက္ခသည်တွေကို အကူအညီပေးကြပါလို့ တောင်းဆိုပါတယ်။ ” ဟု ပြောသည်။ 

ရခိုင်ပြည်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးပြတ်လပ်မှု၊ ကုန်ဈေးနှုန်းဈေးကြီးခြင်းမှာ အလွန်ဆိုးဝါးနေကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း ပေါက်တောဒေသခံ လူငယ်တစ်ဦးက ပြောသည်။ 

” ကျနော်တို့ ရခိုင်မှာ ကျန်းမာရေးက တော်တော် ဆိုးနေတယ်လို့ ပြောလို့ရပါတယ်။ ဆေးဝါးမရှိတာ။ ရှိတဲ့ဆေးဝါးလည်း ဈေးအလွန်ကြီးနေတာ မရှိဆင်းရဲသားတွေ ဘယ်လိုမှ ရောဂါ မကုနိုင်ကြဘူး။ ရောဂါကြီးရင် သေဖို့ ၉၉ ရာခိုင်နှုန်းသေချာသွားတယ်။ မြောက်ဦးက ကျနော့်မိသားစုဝင်တစ်ဦးဆို မနေ့က အာရုံကြောအားနည်းရောဂါနဲ့ ဆေးရုံမှာပဲ သေသွားရတယ်။ ဒီလိုပဲ ရခိုင်ပြည်အနှံ့ ကျန်းမာရေးစောင့်ရှောက်မှု မကောင်းလို့ သေသွားရတဲ့ သူတွေ အများကြီးပါပဲ။ ” ဟု ပြောသည်။ 

ကျန်းမာရေးစောင့်ရှောက်မှု မကောင်းခြင်းမှာ စစ်ကောင်စီ ထိန်းချုပ်ထားဆဲ နယ်မြေနှင့် လွတ်မြောက်နယ် နှစ်ခုစလုံးတွင် ဖြစ်နေပြီး အထူးသဖြင့် AA ထိန်းချုပ်နယ်မြေတွင် ဆေးဝါးပြတ်လပ်ခြင်းနှင့် ဆရာဝန်ကောင်းများဖြင့် ကုသမှုမခံရ၍ သေဆုံးသူ တိုးလာနေခြင်းဖြစ်သည်။

Western News ၏ စာရင်းမှတ်တမ်းများအရ ဆေးဝါးပြတ်လပ်ခြင်းနှင့် ဆရာဝန်များ မရှိခြင်းကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိနေပြီဖြစ်သည်။ 

ရခိုင်ပြည်အတွင်း အထူးသဖြင့် လွတ်မြောက်နယ်မြေအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ ပညာရေးအခြေအနေ၊ ကုန်စည်စီးဆင်းမှု စသည့် အခြေအနေများကို မေးမြန်းရန် Western News က ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်းမရှိပေ။ 

ဆေးဝါးများမရှိ၍လည်း ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် ဒုက္ခသည်များမှာ ကျန်းမာရေးမကောင်းခြင်း၊ ရာသီတုပ်ကွေးများ ခံစားနေကြရသည်ဟု နောက်ထပ် အမည်မဖော်လိုသည့် အသက် ၃၀ ကျော်အရွယ် မွတ်ဆလင် အမျိုးသမီးတစ်ဦးက ပြောသည်။  

” ကျမမှာ မိသားစုတစ်စုလုံး နေမကောင်းဖြစ်နေကြတယ်။ ဖျားတဲ့သူကဖျား၊ ဝမ်းလျှောတဲ့သူက ဝမ်းလျှော၊ ရာသီတုပ်ကွေး သွေးလွန်တုပ်ကွေးဖြစ်တဲ့သူကဖြစ်နဲ့ တော်တော်လေးကို စိတ်ဆင်းရဲနေရပါတယ်။ ဒီကြားထဲ ထမင်းနပ်မှန်စားရဖို့ မနည်းရုန်းကန်နေရတယ်။ ကျမလိုပဲ တခြားမိသားစုတွေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အားဆေးလည်း မသောက်ရဘူး။ ကာကွယ်ဆေးတွေလည်း မသောက်ရဘူး။ တော်တော်လေးကို ဒုက္ခရောက်နေကြရပါတယ်။ ကူညီကြပါကယ်ကြပါ။ ” ဟု ပြောသည်။

ပုဏ္ဏားကျွန်းဒေသတွင် ခိုလှုံနေကြသော စစ်ရှောင်များထဲမှ ကလေးငယ်များအပါအဝင် လူပေါင်း ၅၀၀ ခန့်နှင့် မင်းပြားမြို့နယ် ခွဆုံကျေးရွာတွင် လူ ၅၀ ကျော် စုစုပေါင်း ၅၀၀ ကျော် အရေပြားရောဂါ ခံစားနေရသည်ဟု ရွာသားများက ပြောသည်။ 

ပုဏ္ဏားကျွန်းဒေသတွင် အရေပြားရောဂါ ဖြစ်ပွားနေသူ မိုးဦးကာလက ဆယ်ဂဏန်းရှိရာကနေ ဇူလိုင်လတွင် ၂၀၀ ဦးအထိ ပြန့်ပွားလာကာ ယခု စက်တင်ဘာလတွင် ၅၀၀ ဦးခန့်အထိ ပိုပျံ့နှံ့လာခြင်းဖြစ်ကြောင်းနှင့် တစ်ဦးတစ်ယောက်မျှ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးကြောင်း စာရင်းပြုစုထားသူများက ပြောဆိုထားကြသည်။ 

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version