Western News

ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသမှာ မြေပြန့်မှ အခြေချလားသော ဘင်္ဂလီများနှင့် တောင်တန်းဒေသက ဌာနေတိုင်းရင်းသားများကြား ဆူပူအုံကြွမှုတွင် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၇၂ ဦးအထိ ရှိလာကြောင်း The Daily Star က ဖော်ပြသည်။

ခါကာဆိုရီခရိုင်ထဲက ဓီဂီနလ (Dighinala) မြို့တွင် စက်တင်ဘာလ ၁၉ ရက် ကြာသပတေး မွန်းလွဲက ဘင်္ဂလီများနှင့် ဌာနေတိုင်းရင်းသားတို့ကြား ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြသည်။

ဓီဂီနလမြို့ရှိ ဌာနေတိုင်းရင်းသား သက္ကမလူမျိုးများ ပိုင်ဆိုင်သော ဆိုင်ခန်း ၁၀၀ ကျော်ကို ရာနှင့်ချီ အုပ်စုလိုက်ဝင်လာသော ဘင်္ဂလီအုပ်စုများက မီးရှို့ဖျက်ဆီးခြင်းကနေ ဆူပူအုံကြွမှု စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကြမ်းဖက်မှုအား မကျေနပ်၍ ဌာနေတိုင်းရင်းသား သက္ကမ လူမျိုးများက ခါကာဆိုရီခရိုင်၊ ရန်ဂါမတီခရိုင်နှင့် မြို့တော် ဒါကာက တက္ကသိုလ်ကျောင်းသားများ၊ စစ်တကောင်းတက္ကသိုလ်ကျောင်းသားများ စက်တင်ဘာလ ၂၀ ရက်တွင် ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ခါကာဆိုရီခရိုင်နှင့် ရန္ဂာမတီခရိုင်က ကန့်ကွက်ဆန္ဒဖော်ထုတ်မှုအတွင်း ဘင်္ဂလီများနှင့် ဌာနေတိုင်းရင်းသား သက္ကမလူမျိုးများ ထပ်မံ ဆူပူမှုဖြစ်ပွားကြရာ ဘင်္ဂလားဒေ့ရှ်စစ်တပ်က သေနတ်ပစ်ဖောက် ဖြိုခွင်း၍ သက္ကမလူမျိုး ၄ ဦး သေဆုံးသွားပြီး ၇၂ ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်။

သေဆုံးသွားသူများမှာ အသက် ၂၂ နှစ်အရွယ် ဂျုနန် သက္ကမ၊ ရူဘယ် တြိပူရ၊ ဒွန်နွန်ဂျိုင်း သက္ကမ နှင့် အနိကူမာ သက္ကမ တို့ ဖြစ်သည်။

အဆိုပါ ခါကာဆိုရီခရိုင်နှင့် ရန္ဂာမတီခရိုင်တို့တွင် ဆူပူအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေ၍ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ညမထွက်ရအမိန့် ၁၄၄ ထုတ်ပြန်ထားကာ မြို့သူမြို့သားများမှာ ထိလန့်နေကြသည်။

မြေပြန့်မှ အခြေချလာသူ ဘင်္ဂလီတစ်ဦး ဆိုင်ကယ်ခိုးမှုဖြင့် စွပ်စွဲခံရပြီးနောက် ဌာနေတိုင်းရင်းသားများ ပိုင်ဆိုင်သော ဆိုင်ခန်းများကို မီးရှို့ဖျက်ဆီးရာကနေ ပဋိပက္ခမှာ ပိုမိုကျယ်ပြန့်သွားခြင်းဖြစ်သည်။

ဆူပူအုံကြွမှုများအတွင်း ဈေးဆိုင်ခန်းများအပြင် ကားများ၊ နေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများ မီးရှို့ဖျက်ဆီးခံရသည်အထိ ကြီးထွားလာပြီး နှစ်ဖက်စလုံး ဒေါသာများဖြင့် တင်းမာနေကြသည်။

ခါကာဆိုရီခရိုင် (Khagrachhari) နှင့် ရန္ဂာမတီခရိုင် (Rangamati) တို့တွင် စက်တင်ဘာလ ၁၉ ရက်က အကြမ်းဖက်မှုများအပြီးတွင် ခရိုင်နှစ်ခုလုံး ကုန်းလမ်းနှင့် ရေလမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို စက်တင်ဘာ ၂၀ ရက်နေ့ကစပြီး ရပ်ဆိုင်းထားကြောင်း သိရသည်။

စစ်တကောင်းဒေသတွင် အခြေချနေထိုင်သော ဘင်္ဂလီများမှာ မြေပြန့်ဒေသက ဝင်ရောက်လာသော ဘင်္ဂလီမွတ်ဆလင်များဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြထားကြသည်။

About Author
Western News MM

Western News is a Myanmar-based news outlet that monitors and investigates injustices and human rights

View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version