Western News

(Fact Check News)

ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက်ပိုင်းကစ၍ ငပလီမြို့ သံတွဲလေဆိပ်ရှေ့မှာ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များစုပြီး ဓါတ်ပုံရိုက်ထားသလိုမျိုးဖြင့် ပုံစံဖြင့် သတင်းဓါတ်ပုံအမှား နည်းပညာဖြင့် ပြုလုပ်ထားသည့်ပုံ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည်။

သံတွဲမြို့အနီးနှင့် ငပလီမြို့ပတ်ဝန်းကျင်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး ဇွန်လ ၂၄ ရက် နေ့လယ်က သံတွဲလေဆိပ် (မဇင်လေဆိပ်) ကို အာရက္ခတပ်တော် AA က သိမ်းလိုက်ပြီဆိုသည့် သတင်းကို ပြည်တွင်းပြည်ပ သတင်းမီဒီယာအားလုံးလိုလိုက သတင်းဖော်ပြခဲ့ကြသည်။

သတင်းတိုင်းတွင် သံတွဲနှင့် ငပလီမြို့ခံများဖြစ်သည်ဆိုသော ဒေသခံပြည်သူများ၏ ပြောပြချက်နှင့် AA နှင့်နီးစပ်သူများ ပြောပြချက်အရဟုဆိုကာ သံတွဲလေဆိပ်ကို AA က သိမ်းပိုက်လိုက်ပြီဟု ခန့်မှန်းရေးသားဖော်ပြခဲ့ကြသည်။

ကာယကံရှင်ဖြစ်ကြသော အာရက္ခတပ်တော် AA ပြောခွင့်ရသူများနှင့် စစ်ကောင်စီ ပြောခွင့်ရသူများအား အတည်ပြုမေးမြန်းချက် အချို့သတင်းများတွင် ပါဝင်သလို အချို့သတင်းများတွင်လည်း မေးမြန်းခြင်းမရှိသည်ကို တွေ့ရပြီး နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများက သံတွဲလေဆိပ်၊ ငပလီမြို့ အခြေအနေနှင့်ပတ်သက်၍ ယနေ့အချိန်အထိ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပေ။

အာရက္ခတပ်တော် AA သည် စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်ရင်းများ၊ ဗျူဟာကုန်းများ စသဖြင့် သိမ်းပိုက်တိုင်း တပ်ဖွဲ့ဝင်များဖြင့် စုပေါင်းဓါတ်ရိုက်ကာ သက်သေများ ထုတ်ပြန်လေ့ရှိပြီး မြို့သိမ်းတိုက်ပွဲ ပြီးမြောက်တိုင်းလည်း သတင်းဓါတ်ပုံများ ထုတ်ပြန်လေ့ရှိသည်။

ယခု ပျံ့နှံ့နေသော သံတွဲလေဆိပ်သိမ်း သတင်းဓါတ်ပုံမှာ ပိုတိုရှော့ သို့မဟုတ် IT နည်းပညာတစ်ခုခုဖြင့် တုပလုပ်ဆောင်ထားသော ဓါတ်ပုံအမှားဖြစ်သည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းဓါတ်ပုံမှာ ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲပြီးနောက် ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းဆုံ၌ ရိုက်ကူးထားသော ပုံကို သံတွဲလေဆိပ်နောက်ခံ ပြောင်းလဲထားသော ပုံဖြစ်နေသည်။

သံတွဲလေဆိပ်သိမ်း သတင်းဓါတ်ပုံထဲမှာ ပါဝင်သော AA တပ်ဖွဲ့ဝင်များနှင့် အရေအတွက်၊ ဟန်အမူအရာများမှာ ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲပြီးနောက် ရိုက်ကူးထားသော ပုံထဲကအတိုင်း တစ်ပုံစံတည်းဖြစ်နေသည့်အတွက် ယခု တွင်တွင်ကျယ်ကျယ် ပျံ့နှံ့နေသော သံတွဲလေဆိပ်သိမ်း သတင်းဓါတ်ပုံမှာ ဓါတ်ပုံအမှားဖြစ်ကြောင်း ထင်ထင်ရှားရှား တွေ့ရှိရခြင်းဖြစ်သည်။

ငပလီ၊ သံတွဲ၊ တောင်ကုတ် ဒေသများတွင် ဖုန်းလိုင်း၊ အင်တာနက်၊ လျှပ်စစ်မီး ဖြတ်တောက်ခံထားရပြီး မှန်ကန်သော သတင်းအချက်အလက်များ ရရှိရေးမှာ အလွန်ခက်ခဲနေသည်။

သံတွဲမြို့နှင့် ငပလီမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ကို အတည်ပြုနိုင်သော်လည်း AA က သံတွဲလေဆိပ်ကိုသိမ်းပိုက်ပြီးစီးခြင်း၊ တပ်ရင်းများကို သိမ်းပိုက်လိုက်ခြင်းနှင့် လေယာဉ်များကို သိမ်းဆည်းရမိခြင်း စသည့် သတင်းများကို အတည်ပြု၍ မရပေ။

နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းမှ တာဝန်ရှိသူများ၏ တရားဝင်သတင်းထုတ်ပြန်ခြင်းကို စောင့်ကြည့်ရမည်ဖြစ်သည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version