Western News

ရှမ်းပြည် မြောက်ပိုင်း တအောင်းဒေသတွင် စစ်ကောင်စီက အပစ်ရပ်သဘောတူညီချက် ချိုးဖောက်လိုက်၍ တအောင်းတပ် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး မန္တလေးတိုင်း မိုးကုတ်မြို့အထိ တိုက်ပွဲကျယ်ပြန့်လာကြောင်း မျက်မြင်များက ပြောဆိုကြသည်။

မိုးကုတ်မြို့နယ် အနောက်ပိုင်းရဲစခန်းကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်နေပြီး ရဲစခန်းအနီးသို့ တော်လှန်ရေးတပ်သားများ ဝင်ရောက်လာသည်ကို မြင်တွေ့ရကြောင်း မိုးကုတ်ပြည်သူတစ်ဦးက ပြောသည်။

“မိုးကုတ်အနောက်ရဲစခန်းဘက်မှာ ပစ်ခတ်သံတွေနဲ့ ဆူညံနေတယ်။ အခု မွန်းလွဲ ၁ နာရီကျော်လောက်မှာ လေယာဉ်တွေလည်းဝဲနေတယ်။ အခြေအနေကတော့ ဆိုးလာပြီ။ အခုထိလည်း တိုက်ပွဲဖြစ်နေတုန်းပဲ။ မိုးကုတ်မြို့ထဲအထိကို တိုက်ပွဲတွေက ရောက်လာပြီ။ ပြည်သူတွေကတော့ ပိတ်မိနေပါတယ်။ ဘယ်ပြေးလို့ ပြေးရမှန်းမသိသေးဘူး” ဟု ဆိုသည်။

ယနေ့ ဇွန်လ ၂၆ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်မှ စတင်ပြီး မိုးကုတ်မြို့ အနောက်ပိုင်း၊ ဒေါ်နန်းကြည်တောင်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းနောက် မိုးကုတ်အနောက်ပိုင်းရဲစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့၍ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများဖြင့် တိုက်ပွဲများ ပြင်းထန်ခဲ့ကြသည်။

ယင်းနောက် မိုးကုတ်အနောက်ပိုင်းရဲစခန်းဧရိယာအနီးဝန်းကျင်သို့ TNLA ရဲဘော်တချို့ ဝင်ရောက်လာသည်ကို မြင်ရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

မိုးကုတ်မြို့နယ် အနောက်ပိုင်း ကျပ်ပြင်စျေးနားတဝိုက်၊ ဆေးရုံကုန်း၊ ရွှေမြင်ဝင်ဘုန်းကြီးကျောင်း၊ မြို့ဦးလွင်အနီးတို့တွင်လည်း ပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး ကျောက်ဖားအောင်စင်္ကြာဆီဆိုင်အနီးတွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

မိုးကုတ်ဒေသပြည်သူတချို့ကမူ မိုးကုတ်အနောက်ပိုင်း ဒေါ်နန်းကြည်တောင်ရှိ စစ်ကောင်စီတပ်စခန်းကို TNLA တပ်များက သိမ်းပိုက်ရရှိသွားပြီဟု ကြားသိထားကြောင်း ပြောဆိုကြသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မရဲစခန်းကို ယနေ့ နံနက်ပိုင်း TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ ရဲစခန်းကို သိမ်းပိုက်ရရှိပြီး စခန်းမှူးကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း ကျောက်မဲစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီမနက်မှာ ကျောက်မဲမြို့မရဲစခန်းကို ဝင်တိုက်တာမှာ စခန်းမှူးအရှင်မိတယ်လို့ သိရတယ်။ စစ်တပ်ဘက်က သေဆုံးသူတွေလည်းရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ကျောက်မဲမြိုရှိ စစ်ကောင်စီ အမြောက်တပ်ကုန်း အမှတ် ၃၅၂ အမြောက်တပ်ရင်းနှင့် စခန်းသာတို့တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားလျှက်ရှိကြောင်း၊ ယနေ့ ဇွန်လ ၂၆ ရက် နံနက် ၅ နာရီ ၄၇ မိနစ်အချိန် ကျောက်မဲမြို စခန်းသာကုန်းတွင်လည်းကောင်း၊ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် အမှတ် ၃၅၂ အမြောက်ကုန်းတွင်လည်းကောင်း တိုက်ပွဲဖြစ်ပွားနေကြောင်း သိရှိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version