Western News

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားများနှင့် အစိုးရကြား ပဋိပက္ခ ဆိုးရွားနေပြီး သေဆုံးသူ ၃၂ ဦးအထိရှိလာနေကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြကြသည်။

ကြမ်းတမ်းပြီး အဓိကရုဏ်းဆန်သည့် သွေးချောင်းစီး ဆန္ဒပြပွဲများ အတောမသတ်နိုင်၍ ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံအတွင်း လုံခြုံရေးသတိပေးချက် အမြင့်ဆုံးအဆင့် ထုတ်ပြန်လိုက်သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ကိုတာ စနစ်နှင့် အစိုးရအလုပ်ခွဲတမ်း သတ်မှတ်ပေးသည့် မူဝါဒကို မကြိုက်၍ ကျောင်းသားများနှင့် လူငယ်များက ဆန္ဒပြပွဲ ဖော်ဆောင်နေရာ လက်ရှိတွင် အကြမ်းဖက်မှုများသို့ ဦးတည်လာကြောင်း သိရသည်။

ယခင်က ဆိုင်းငံ့ထားသည့် အစိုးရအလုပ်အကိုင်အခွင့်ထူး သတ်မှတ်ချက် စည်းမျဉ်းကို ပြန်လည်ကျင့်သုံးရန် ပြင်ဆင်ရာကနေ ဆန္ဒပြပွဲကို အစပြုခဲ့ကြသည်။

တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာကို အားပေးထောက်ခံသူများ၏ သားသမီးများမှာ အစိုးရဝန်ထမ်းနေရာအတွက် တရားဝင်မဟုတ်သည့် မျက်နှာသာပေးခြင်းကို ရရှိထားကြသည်။

ထိုစနစ်ကို ဆန့်ကျင်ကြသည့် ကျောင်းသားများနှင့် လူငယ်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက အင်အားသုံး ဖြိုခွင်းမှုကြောင့် ပဋိပက္ခမှာ ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။

ဆန္ဒပြကျောင်းသားများနှင့် လူငယ်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက အခြားနည်းလမ်းဖြင့် ညှိနှိုင်းမေတ္တာရပ်ခံခြင်းကို ကျောင်းသားထုက ပယ်ချခဲ့ကြောင်း၊ အစိုးရရာထူးအတွက် ယခင်စည်းမျဉ်းများအား ကျင့်သုံးခြင်းကို ပယ်ဖျက်ရမည်ဟု တောင်းဆိုနေကြသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုင်းငံ့ထားသည့် မူဝါကို ပြန်လည်အသက်သွင်းနေဆဲဖြစ်ပြီး ကျောင်းသားထုနှင့် လူငယ်များက ဆန္ဒပြပွဲတွင် တုတ်များကိုင်ဆောင်သည်အထိ ဖြစ်လာပြီးနောက် နိုင်ငံပိုင်ရုပ်သံအဆောက်အဦးကို မီးရှို့ဖျက်ဆီးလိုက်ကြသည်။

ဝန်ကြီးချုပ် ဟာဆီနာက ဆန္ဒပြမှုပွဲအတွင်း သေဆုံးဖြစ်စဉ်များကို ရှုတ်ချထားပြီး လူသတ်မှုမြောက်သည်ဟု ပြောနေသော်လည်း ဆန္ဒပြသူများက အစိုးရကပဲ သတ်နေခြင်းဖြစ်သည်ဟု တုန့်ပြန်ထားသည်။

ဆန္ဒပြပွဲအတွင်း သေဆုံးသူများထဲတွင် ကျောင်းသားလူငယ်များအပါအဝင် သတင်းထောက်တစ်ဦးကလည်း ပါဝင်နေကြောင်း သိရသည်။

Western News

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version