Western News

ရခိုင်ပြည် သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တောရပ်ကွက်မှာ စစ်ကောင်စီက တပ်စွဲပြီးနောက် ဂျိတ္တောနှင့်နီးသည့် မြပြင်ရပ်ကွက်မှာ အရပ်သားအလောင်း ၇ လောင်းတွေ့ရှိရကြောင်း စုံစမ်းသိရသည်။

ငပလီမြို့ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသော်လည်း ကမ်းခြေအကွေ့ရှိ ဂျိတ္တောရပ်ကွက်မှာ ပြီးခဲ့သည့် နှစ်ပတ်ကျော်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူခဲ့ကြသည်။

သတင်းရင်းမြစ်တစ်ဦးက ” ဂျိတ္တော၊ မြပြင်ဆိုတာ ကပ်နေတာ။ အဲမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်သားတွေရှိသေးတယ်။ ပြီးတော့ ဂျိတ္တောက မောင်ရွှေလေး ရေတပ်နဲ့ နီးတယ်။ ရေတပ်က အင်အားထပ်ဖြည့်တယ် ထင်ပါတယ်။ ပိတ်မိနေတဲ့ အရပ်သားတွေလည်းရှိသေးတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်လိုက်တာ ဖြစ်နိုင်ပါတယ်။ ” ဟု ပြောသည်။

အရပ်သား အလောင်းများကို မြပြင်ရပ်ကွက်ရှိ အော်ရီယမ်ဟိုတယ်နှင့် ကျောက်စိမ်းနဂါးဟိုတယ်အနီးတွင် ပြီးခဲ့သည့် ၄ ရက်ခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုများရှိနေ၍ အလောင်းကို မကောက်ယူနိုင်သေးပေ။

နောက်ထပ် သံတွဲဒေသခံတစ်ဦးက ” မြပြင်ရပ်ကွက်မှာ အရပ်သား အလောင်း ၇ လောင်းတွေ့တာကို အတည်ပြုနိုင်ပါတယ်။ သေသွားရတဲ့ ဖြစ်စဉ်ကိုတော့ အတိအကျမသိရဘူး။ ဂျိတ္တောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲပြီးနောက်မှ သေဆုံးတာဆိုတော့ စစ်ကောင်စီ လက်ချက်ပဲ ဖြစ်မှာပါ။ ” ဟု ပြောသည်။

အချို့သော ဒေသခံများပြောပြချက်အရ သေဆုံး အရပ်သားများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းပြအဖြစ် ခေါ်ယူခံရကနေ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ပြောသည်။

နာမည်နှင့်တကွသိသော စာရင်းအရ သံတွဲမြို့နယ်မှာ ပျောက်ဆုံးနေသူ အရပ်သား ၃၅ ဦးကျော်ရှိပြီး မြေပြင်တွင် ယခုစာရင်းထက် ပိုများပြားနိုင်ကြောင်း Western News ၏ စာရင်းပြုချက်အရ သိရသည်။

အာရက္ခတပ်တော် AA သည် ငပလီမြို့ကို ထိန်းချုပ်ပြီးနောက် သံတွဲမြို့ထဲသို့ ဝင်ရောက်နိုင်ခဲ့ကာ ပိတ်မိနေ ပြည်သူများကို ဘေးကင်းရာသို့ ကယ်ထုတ်ပေးနေကြောင်းနှင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရှင်းလင်းနေကြောင်း သိရသည်။

Western News

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version