Western News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက ယနေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို တော်လှန်ရေးတပ်များက ပထမဆုံးအကြိမ် သိမ်းပိုက်ရရှိခြင်းဖြစ်သည်။

MNDAA ရှေ့တန်းသတင်းရင်းမြစ်က “မနေ့က ကျနော်တို့ သိရတာက တချို့ စစ်ကောင်စီတပ်သားတွေ လက်နက်ချတာတွေရှိတယ်။ တချို့လည်း ရမခထဲကနေ ပွင့်နေတဲ့ လမ်းကြောင်းတွေကနေ ထွက်ပြေးတာတွေလည်း ရှိနိုင်တယ်။ ရမခက အကျယ်ကြီးပဲ။ တကယ်က ရမခ ပတ်ပတ်လည်ကို မဟာမိတ်တပ်တွေအားလုံးက ၀ိုင်းရံပိတ်ဆို့ထားတာ။ ရမခ တကယ်ရပြီဆိုတာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းတင်ပါလိမ့်မယ်” ဟု ပြောသည်။

ထို့ပြင် လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်နယ်မြေထဲရှိ အကြမ်းဖက်စစ်သားများ အားလုံး ထွက်ပြေးသွားပြီဖြစ်ကာ MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များ ခြေကုတ်ယူ နယ်မြေရှင်းလင်းနိုင်ပြီ ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က စစ်တပ်သတင်းရင်းမြစ်များကို ကိုးကား၍ ပြောကြားသည်။

လက်ရှိတွင် ရမခ တိုင်းစစ်ဌာနချုပ်နယ်မြေထဲရှိ စစ်ကောင်စီတပ်သားများ အားလုံး စွန့်ခွာသွားပြီဖြစ်ကြောင်း၊ လက်နက်ချ မချ၊ သေချာ မပြောနိုင်သေးသော်လည်း တပ်သားများအားလုံး တိုင်းစစ်ဌာနချုပ်တွင် မရှိတော့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

“အခု လက်ရှိ အနေအထားမှာတော့ ရမခ တိုင်းစစ်ဌာနချုပ် စခန်းဌာနချုပ်နယ် မြေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိတော့ဘူး။ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ပြီးတော့ ခြေကုတ်ယူပြီးတော့ နယ်မြေရှင်းနိုင်တဲ့အဆင့်ကို ရောက်နေတာတော့ သေချာသွားပါပြီဗျ။ လက်နက်ချခြင်း၊ မချခြင်းကတော့ ကျွန်တော်တို့ သေချာမပြောနိုင်သေးပါဘူး။ လက်နက်ချဖို့ ရာခိုင်နှုန်းကတော့ နည်းပါတယ်။ သူတို့တွေ လုံးဝ တစ်နေရာကို ပြောင်းပြီးတော့ ခံစစ်ဆင်တဲ့ အနေ အထားမျိုးတော့ များပါတယ်။ ဒါပေမဲ့ ရမခ တိုင်းစစ်ဌာနချုပ်ရဲ့ စခန်းဌာနချုပ် နယ်မြေကြီး တစ်ခုလုံးကတော့ စစ်ကောင်စီတပ်တွေ အားလုံး စွန့်ခွာသွားပြီဖြစ်ပါတယ်ဗျ” ဟု ပြောသည်။

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ ကုတင် ၁၀၀ စစ်ဆေးရုံတပ်နှင့် MNDAA တို့အကြား တိုက်ပွဲတွင် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူး အပါအဝင် ဒဏ်ရာရ စစ်အရာရှိကြီးတချို့ပါ သေဆုံးခဲ့ကြောင်း သိရသည်။

(ရန်ကုန်ခေတ်သစ် မီဒီယာ သည် Western News ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည်)

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version