Western News

(မိသားစုဝင်များက ပြန်လွှတ်ပေးရန်တောင်းဆို)

ရခိုင်ပြည် မောင်တောမြို့ခံ အပြစ်မဲ့အရပ်သား ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ဖမ်းဆီးသွားပြီး မောင်တောမြို့စောင့်တပ် နခခ ၅ တပ်ရင်းထဲတွင် ထိန်းသိမ်းထားကြောင်း မိသားစုဝင်များက ပြောသည်။

ယခုနှစ် မေလ ၁၀ ရက် နံနက် ၆ နာရီမှာ မောင်တောမြို့ မြို့မမြောက်ရပ်ကွက် (ဝိမလ) က အပြစ်မဲ့ အရပ်သား အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ပါသော ကားနှစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ ကိုအောင်ကိုမြတ် (အသက် ၃၂ နှစ်)၊ ကိုဇော်နိုင်ဦး (အသက် ၃၄ နှစ်)၊ ကိုနိုင်နိုင်ဇော် (အသက် ၃၂ နှစ်)၊ ကိုဝင်းချေ (အသက် ၃၇ နှစ်)နှင့် ကိုဇီးကွက်ချေ (အသက် ၂၂ နှစ်) တို့ဖြစ်ကြောင်း ယင်းအထဲက တစ်ဦး၏ ညီမဖြစ်သူက ပြောသည်။

” ညီမ အစ်ကိုအပါအဝင် တခြားသူတွေက အိမ်တစ်အိမ်တည်းမှာ အိမ်နေကြတာပါ။ သူတို့အားလုံးက သူငယ်ချင်းတွေပါ။ ကြုံရာဂျဗန်း အလုပ်လုပ်ကြပါတယ်။ တိုက်ပွဲကြား လက်နက်ကြီးသံ ကြောက်လို့ စုအိပ်နေကြတာပါ။ အဲဒါ အိပ်နေချိန် မနက် ၆ နာရီလောက်မှာ စစ်ကောင်စီ တပ်သားတွေက လာဖမ်းသွားတာပါ။ ဘာကြောင့်ဖမ်းတာလဲ မသိရဘူး။ အဆက်အသွယ်လည်းမရဘူး။ အခု နောက်ဆုံး နခခ ၅ ထဲမှာ ဖမ်းထားတယ်လို့ သိရပါတယ်။ ” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်အတွင်း လူငယ်အမျိုးသားများကို AA နှင့် ဆက်စပ်သည်ဟု အကြောင်းပြ၍ ဖမ်းဆီးနေပြီး မောင်တောမြို့မှာလည်း အကြောင်းမျိုးမျိုးပြပြီး အပြစ်မဲ့ အရပ်သားပြည်သူများကို ဖမ်းဆီးနေသည်။

ဝိမလ ဒေသခံ အမျိုးသား ၅ ဦးမှာ AA နှင့် ဆက်စပ်သူများမဟုတ်ကြောင်းနှင့် အပြစ်မရှိဘဲ လနှင့်ချီ ဖမ်းဆီးထာသည့်အတွက် အမြန်ဆုံးလွှတ်ပေးရန် နောက်ထပ် ဖမ်းဆီးခံသူတစ်ဦး၏ မိသားစုဝင်ဖြစ်သူတစ်ဦးက တောင်းဆိုသည်။

” အရပ်သားတွေပါ။ AA နဲ့ ဘာတစ်ခုမှလည်း ပက်သက်ဖူးတာ မရှိကြပါဘူး။ သေလား ရှင်လားလည်းမသိရပါဘူး။ နယ်ခြားစောင့်တွေ ပြောစကားအရတော့ တစ်ယောက်သေတယ်လို့ ကြားမိပါတယ်။ ဘယ်သူမှန်းလည်းမသိရပါဘူး။ မှန်မမှန်လည်းမသေချာပါဘူး။ အပြစ်မရှိတဲ့သူတွေမို့လို့ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်။ မိသားစုဝင်တွေက အရမ်းစိတ်ပူနေကြလို့ပါ။ ” ဟု ပြောသည်။

မောင်တောက စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ နခခ ၅ ထဲ ဖမ်းဆီးထားသည့် အရပ်သားပြည်သူများအပေါ် နှိပ်စက်ညှဉ်းပမ်းမှုများ ပြုလုပ်နေသည့်အပြင် သတ်ဖြတ်မှုများပါရှိနေကြောင်း နယ်ခြားစောင့်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version