Western News

တိုက်ပွဲပြင်းထန်နေသော သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်စခန်းနှင့် ဂွမြို့နယ် ကျိန္တလီမြို့သိမ်းတိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို အာရက္ခတပ်တော် AA က ရင်ဆိုင်တိုက်ခိုက်နေရသည်ဟု ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

မောင်ရွှေလေးရေတပ်နှင့် ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း AA က ယမန်နေ့ ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ အာဏာသိမ်းစစ်ကောင်စီသည် စစ်သင်္ဘော ၈ စီးဖြင့် ရေကြောင်းမှ လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းပေးနေသည့်အပြင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေပြီး အာရက္ခတပ်တော် AA ကလည်း ပြန်လည်တိုက်ခိုက်နေကြောင်း သိရသည်။

သံတွဲမြို့ပေါ်နှင့် ငပလီမြို့ကို အာရက္ခတပ်တော် ‌AA က ထိန်းချုပ်ထားပြီး တစ်ခုတည်းကျန်ရှိနေသေးသော မောင်ရွှေလေးရေတပ်ကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်။

ဆက်လက်ပြီး ဂွမြို့နယ်တစ်ခုလုံးအား သိမ်းပိုက်နိုင်ရေး AA ထိုးစစ် ကျိန္တလီမြို့သို့ ရောက်ရှိလာကာ လက်ရှိတွင် ကျိန္တလီမြို့အနီးအနားတွင် စစ်ကောင်စီနှင့်တိုက်ပွဲ ပြင်းထန်လျှက်ရှိကြောင်း AA က ဆိုသည်။

တစ်ဆက်တည်းမှာ အာဏာသိမ်း စစ်ကောင်စီသည် ဂွပင်လယ်ပြင်ကနေ စစ်သင်္ဘောများဖြင့် AA ထိုးစစ်ကို လေကြောင်းပစ်ကူနှင့်အတူ ခုခံနေပြီး ဂွ-ကျိန္တလီမြို့ကြားရှိ အရေးပါသော တံတား အနည်းဆုံး ၄ စင်းထက်မနည်းကို မိုင်းခွဲဖျက်ဆီးရန် ပြင်ဆင်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များက Western News ကို ပြောဆိုထားကြသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေသေး၍ ဂွမြို့ခံများနှင့် ကျိန္တလီမြို့ခံများမှာ ဘေးလွတ်ရာနေရာများနှင့် ဧရာဝတီဘက်သို့ စစ်ရှောင်သွားကြပြီး ဧရာဝတီရောက် ရခိုင်စစ်ရှောင်များအပေါ် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဧည့်စာရင်းအကြောင်းပြ၍ ငွေညှစ်တောင်းယူခြင်းများရှိနေကြောင်း စုံစမ်းသိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version