Western News

၂၀၂၁ ခုနှစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းမီဒီယာသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီး ၆၂ ဦးကို ဖမ်းဆီး ထောင်ချထားကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်နေ့တွင် မွန်ပြည်နယ်မှ သတင်းမီဒီယာ သမားများ ဖြစ်သော ကိုထက်မြက်သူနှင့် ကိုဝင်းထွဋ်ဦးတို့ ၂ ဦးကို မွန်ပြည်နယ်ရှိ ၎င်းတို့ နေအိမ်၌ပင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ခန့်က စီးနင်း ဝင်ရောက်ပြီး ပစ်သတ်ခဲ့သည်။

၎င်းတို့နှစ်ဦးကို သတ်ဖြတ်ပြီးနောက် ထိုနေရာမှာပင် စစ်ကောင်စီတပ်သားများက အလောင်းများကို မီးရှို့ ဖျောက်ဖျက်ခဲ့ကြောင်း (RSF) က ထုတ်ပြန်သည်။

သတင်းထောက် ၂ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည့် ဖြစ်စဉ်အပေါ် (RSF) အဖွဲ့က ရှုတ်ချလိုက်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစ၍ သတင်းသမား ခုနစ်ယောက် သတ်ဖြတ်ခံခဲ့ရကြောင်းဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ခေါနုသုမ် သတင်းဌာနကို ထူထောင်ခဲ့သူ Pu Tuidim၊ Federal News ဂျာနယ်၏ အယ်ဒီတာ စိုင်းဝင်းအောင်သည် သတင်းတာဝန်များ ထမ်းဆောင်နေစဉ် စစ်ကောင်စီ တပ်သားများက ပစ်သတ်ခဲ့သည်။

အလွတ်တမ်း သတင်းထောက်များဖြစ်သော အေးကော်၊ စိုးနိုင်တို့နှင့် Western News သတင်းဌာနမှ သတင်းထောက် မြတ်သူထွန်း (ဖိုးသီဟ) တို့သည်လည်း အကျဉ်းချ ခံထားရချိန် အတောအတွင်း သတ်ဖြတ် ခံခဲ့ရသည်။

မြတ်သူထွန်း (ဖိုးသီဟ) သည်လည်း မြောက်ဦးအချုပ်ခန်းထဲ၌ အချုပ်ကျနေစဉ် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး မြောက်ဦးခြေမြန်တပ်ရင်းဖြစ်သည် ၃၇၈ တပ်ရင်း၌ ရက်စက်စွာ မြေမြှုပ်သတ်ပစ်ခဲ့ကြသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစ၍ သတင်းမီဒီယာသမားများသည် စစ်ကောင်စီ၏ အဓိကပစ်မှတ်ထားခြင်း ခံနေရပြီး မြို့ပေါ်ရှောင်တခင်စစ်ဆေးမှုများတွင်လည်း ဖုန်းများကို စစ်ဆေးရာမှ မီဒီယာနှင့် ဆက်နွယ်မှုရှိမရှိကို အဓိကစစ်ဆေးနေသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version