Western News

ကရင်ပြည်နယ်၊ မြဝတီမြို့က အွန်လိုင်းကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်သံသယရှိနေသော မလေးရှားဒုဝန်ကြီးဟောင်း မာရှိတာ အီဗရာဟင် အမျိုးသမီးကို မလားရှားအစိုးရက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)/ကရင်အမျိုးသားတပ်မတော် (KNA) နှင့် ဆက်နွှယ်နေသည့် Dongmei ကျားဖြန့် ငွေလိမ်လုပ်ငန်းမှာ ပါဝင်ပတ်သက်ခြင်းနှင့် BGF နယ်မြေထဲ သူမနေထိုင်နေ၍ မလေးရှားရဲတပ်ဖွဲ့နှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မတို့က စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။

မလေးရှားဒုဝန်ကြီးဟောင်းက မာရှီတာအီဗရာဟင်က မြ၀တီမြို့ Dongmei အွန်လိုင်းကျားဖြန့် ဗဟိုဌာန အုတ်မြစ်ချအခမ်းအနားကို တက်ရောက်ခဲ့၍ အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်သည်ဟု သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

မာရှီတာအီဗရာဟင်က အဆိုပါ အခမ်းအနားကို မိတ်ဆွေတစ်ဦး၏ ဖိတ်ကြားချက်အရ ဧည့်သည်တစ်ဦးအနေဖြင့် တက်ရောက်ဓါတ်ပုံရိုက်ခြင်းသာဖြစ်ပြီး သူမအနေဖြင့် တရားမဝင်လုပ်ငန်းများတွင် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသည်။

ဆက်လက်ပြီး မလေးရှားဒုဝန်ကြီးက ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ခြင်းမှာ မြ၀တီတွင် အိမ်ခြံမြေဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း မလေးရှား CID ညွှန်ကြားရေးမှူးက အတည်ပြုပြောကြားထားသည်။

“သူမ မြ၀တီကို ရောက်ရှိတာက အိမ်ခြံမြေရင်းနှီးမြုပ်နှံမှုအတွက် သူမသွားရောက်ခဲ့တာကို ကျနော်တို့ စစ်ဆေးအတည်ပြုနိုင်ပါတယ်” ဟု CID ညွှန်မှူး Mohd Zain က ဆိုသည်။

သို့သော်လည်း မြန်မာ၊ ထိုင်း၊ မလေးရှားနယ်စပ်ဒေသတွင် လူကုန်ကူးမှု စွပ်စွဲချက်များတွင် မလေးရှားနိုင်ငံသားများပါဝင်နေ၍ သူမအား ဆက်လက်စုံစမ်းနေဆဲဟု သိရသည်။

မြ၀တီက အွန်လိုင်းကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်မှု သံသဖြင့် စစ်ဆေးခံနေရသူ မလေးရှားဒုဝန်ကြီးဟောင်း မာရှီတာအီဗရာဟင် သည် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဝန်ကြီးချုပ်ရုံးတွင် ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ခင်ပွန်း Abdul Shakor မှာ အီဂျစ်သံတမန်ဟောင်းတစ်ဦးဖြစ်သည်။

၂၀၂၀ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၌ကျင်းပခဲ့သည့် Dongmei Park အတွက် ရင်းနှီးမြှုပ်နှံသူများအား ကျေးဇူးတင်အခမ်းအနားတွင် မာရှီတာအီဗရာဟင် သည် ချက်လက်မှတ်ကြီးနှင့်အတူ ဓါတ်ပုံတွင်ပါရှိခဲ့ကြောင်း သိရသည်။

ယင်းချက်လက်မှတ်ကို သူမ၏ အမျိုးသားဖြစ်သူ အဗ္ဗဒူရှာကော်ဘင် အဘူဘာကာနှင့်အတူ သူမပိုင်ဆိုင်သည့် မလေးရှားကုမ္ပဏီ Grand Commerce Network Sdn Bhd နှင့် ငွေလိမ်ခြံလုပ်ငန်းကြီးတို့ ပူးတွဲ၍ ထုတ်ပေးထားကြောင်း ချက်လက်မှတ်ကြီးတွင် တွေ့ရသည်။

ထို့အပြင် Dongmei Group တွင် ဟောင်ကောင်၌ မှတ်ပုံတင်ထားသည့် Dongmei Investment Group Company Limited ရှိပြီး ယင်းကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားသည်။

အဆိုပါ ကုမ္ပဏီတွင် မလေးရှားဒါရိုက်တာနှင့် ရှယ်ယာရှင် နှစ်ဦးပါဝင်ပြီး ၎င်းတို့အနက် တစ်ဦးမှာ အဗ္ဗဒူရှာကော်ဘင်အဘူဘာကာ ဖြစ်ကြောင်း JFM က ဆိုသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် နာမည်ဆိုးဖြင့်ကျော်ကြားသည့် Dongmei ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံကြီးတွင် ထင်ရှားသည့် မလေးရှားနိုင်ငံသားများ၏ ပါဝင်ပတ်သက်မှုအပေါ် မလေးရှားရဲတပ်ဖွဲ့နှင့် မလေးရှားအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်တို့၏ စုံစမ်းစစ်ဆေးမှုများကို ကြိုဆိုကြောင်း JFM က ထုတ်ပြန်ထားသည်။

မလေးရှားအာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံအတွင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သည့် မလေးရှားနိုင်ငံသားအားလုံးကို လျင်မြန်စွာ စုံစမ်းစစ်ဆေးသင့်ပြီး အပြည့်အဝ အပြစ်ပေးအရေးယူသင့်ကြောင်း JFM က တောင်းဆိုထားသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version