Western News

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ စစ်ကောင်စီ (အကြမ်းဖက်စစ်အုပ်စု) သည် တိုင်းပြည်နှင့် ပြည်လူထု၏ ရန်သူဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ စက်တင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီသည် နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာဖောက်ဖျက်မှုတို့ကို ကျူးလွန်ခဲ့ရုံသာမက မြို့ပြ၊ ကျေးရွာနှင့် စစ်ရှောင်စခန်းနေ အရပ်သားပြည်လူထုအား လက်နက်ကြီး၊ လက်နက်ငယ်များစုံ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် စစ်ရာဇဝတ်များကျူးလွန်နေသည်ဟု NUG က ဆိုသည်။

ဆိုးရွားပြင်းထန်စွာကျူးလွန်နေသော ရာဇဝတ်မှုများသည် နိုင်ငံတကာစစ်ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပြီး၊ ကြီးလေးသော စစ်ရာဇဝတ်မှုများအဖြစ် နိုင်ငံတကာ တရားရုံးများနှင့် စစ်ခုံရုံးများတွင် အရေးယူ၍ ထိုက်သင့်သည့်ပြစ်ဒဏ်များကို ချမှတ်ရမည့် စစ်ရာဇဝတ်မှုကြီးများ ဖြစ်သည်ဟုဆိုသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုသည် အရပ်သား ပြည်သူလူထုအား စစ်ပွဲများတွင် လူသားဒိုင်းအဖြစ်အသုံးပြုရန်အတွက် ရည်ရွယ်ချက်ရှိစွာဖြင့် အသက်(၁၈) နှစ်မှ (၃၅) နှစ်အတွင်းရှိ လူငယ်များကိုလည်းကောင်း၊ အသက် (၃၅) နှစ်မှ အသက် (၆၅) နှစ်အတွင်းရှိ သက်ကြီးပိုင်းပြည်သူလူထုကိုလည်းကောင်း အတင်းအဓမ္မ တိုက်ပွဲဝင်ခိုင်းရန် ပြင်ဆင်ကြိုးပမ်းလာနေသည်။

စစ်ကောင်စီအုပ်စုသည် မြန်မာနိုင်ငံအား အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်နေသာ အဖွဲ့အစည်းဖြစ်ပြီး အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကို ပျက်စီးထိခိုက်စေသော အဖွဲ့အစည်းဖြစ်၍ တိုင်းပြည်နှင့် ပြည်သူလူထု၏ ရန်သူ (Enemy of the State) အဖြစ် ယနေ့ စက်တင်ဘာလ ၅ နေ့ကစ၍ သတ်မှတ်ကြောင်း NUG က ထုတ်ပြန်ကြေညာလိုက်သည်။

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အဖွဲ့အစည်းများ၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်းလုပ်ရပ်များကို နိုင်ငံတော်နှင့် ပြည်သူလူထုအား သစ္စာဖောက်ဖျက်မှုနှင့် အကြမ်းဖက် စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံအားပေးသော ရာဇဝတ်လုပ်ရပ်များအဖြစ် သတ်မှတ်လိုက်ပြီး ပြည်သူလူထုတရပ်လုံးအနေဖြင့် အကြမ်းဖက် စစ်အုပ်စု၏ စီမံဆောင်ရွက်စေခိုင်းမူများကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင် သွားကြပါရန်လည်း NUG က တိုက်တွန်းထားသည်။

အထူးသဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုလိုလားကြသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုအား ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ပေးကြရန်လည်း NUG က တောင်းဆိုထားသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version