Western News

ကရင်နီပြည် (ကယား) မှာ ပြည်သူလူထု လူမှုဘဝလုံခြုံပြီး မျှတစွာ ရှင်သန်ရပ်တည်ခွင့်ရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေး အရေးပေါ်သတိပေးချက် တစ်စောင်ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်သည်။

ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) နှင့် ပူးပေါင်း၍ ကရင်နီပြည်အတွက် တရားဥပဒေစိုးမိုးရေးစီမံချက် တစ်ရပ်ကို ချမှတ်ထားကြောင်း IEC က ယနေ့ စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပြည်သူလူထုများအနေဖြင့် အထူးစီမံ တားမြစ်သည့် လုပ်ငန်းများကို ရှောင်ကြဉ်ကြရန် IEC က သတိပေးထားသည်။

IEC ၏ အထူးတားမြစ်ချက်မှာ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သုံးစွဲခြင်းတို့ကို တားမြစ်သည်။

တော်လှန်ရေးနှင့် လူမှုကျင့်ဝတ်မညီသော လုပ်ငန်းများဖြစ်သည့် လိင်ဖျော်ဖြေရေးလုပ်ငန်း၊ အများပြည်သူနှင့် တော်လှန်ရေးကို ထိခိုက်စေသည့် ဆူညံမှု၊ မီးရောင်ပြမှု၊ မမှန်သတင်းဖြန့်ဝေမှုများနှင့် သတင်းပေးမှုများ၊ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများနှင့် အစွန်းရောက် အကြမ်းဖက်ဖြစ်စေသည့် လုပ်ရပ်များ၊ တရားမဝင်အာဏာသိမ်းစစ်တပ်အတွက် ထောက်လှန်းရေး လုပ်ဆောင်ခြင်းတို့ကို ကန့်သတ်တားမြစ်ထားသည်။

တပ်ဖွဲ့ဝင်များမဟုတ်သည့် တရားမဝင် လက်နက်များ ကိုင်ဆောင်မှုနှင့် လက်နက်ခဲယမ်းများ ရောင်းဝယ်ဖောက်ကားမှုကို ခွင့်ပြုချက်မရှိဘဲ မကိုင်ရ၊ မရောင်းရဟု IEC က ဆိုသည်။

မြေပြင်နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများဖြစ်ကြသည့် မြေပြင်လောင်းကစားရုံများ၊ အွန်လိုင်းဂိမ်းများ (Online Game) – Slot Game၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း၊ ဖဲဂိမ်း၊ ကျွဲဂိမ်း၊ ကြက်တိုက်ဂိမ်း စသည်တို့အပါအဝင် အခြားသော အွန်လိုင်းဂိမ်းများကို အသုံးပြု၍ စီးပွားဖြစ်လုပ်ဆောင်နေသော လောင်းကစားလုပ်ငန်းများကိုလည်း ကန့်သတ်တားမြစ်ထားသည်။

ရပ်ရွာလူထုအတွင်း ကိုင်ဆောင်ထားသည့် ပစ္စတိုများ၊ တစ်ထောင့်ထိုး လက်နက်များ၊ ရိုးရာတူမီးသေနတ်များ၊ လေသေနတ်များ၊ လက်လုပ် လေသေနတ်များကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC စာရင်းကောက်ယူပြီး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားမည်ဟု သိရသည်။

“တရားဥပဒေစိုးမိုးရေးစီမံချက်” နှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၄) ရက် မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်အထိ ပြည်သူများအကြား အသိပညာပေးမှုများ ဆောင်ရွက်မည်ဟု IEC က ထုတ်ပြန်သည်။

အသိပညာပေးကာလ ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်မှစ၍ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နှင့် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) တို့က စီမံချက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ “တရားဥပဒေ စိုးမိုးရေးဆိုင်ရာအလုပ်အဖွဲ့ (Task Force) နှင့် အထူးတပ်ဖွဲ့ (Special Force)” တို့ကို ဖွဲ့စည်းကာ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်မည်ဟု သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version