Western News

(မိတ်ဆွေမဖွဲ့ပါက အချင်းချင်းပြဿနာကြား စစ်ကောင်စီက ဝမ်းသာမည်ဟုပြော)

အာရက္ခတပ်တော် AA နှင့် မိတ်ဆွေဖွဲ့ရမည်ဟု အမေရိကန်ကို ရောက်ရှိနေသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ချင်းလူထုနှင့်တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်မှာ ချင်းလူထုနှင့် မီဇိုရမ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာတို့ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ဆုံကြစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ချင်းသတင်းဌာန ခိုနူးမ်သုန် ဖော်ပြသည်။

စစ်တွေရေနက်ဆိပ်ကမ်း ကုလားတန်ဘက်စုံသုံးစီမံကိန်းနှင့် ပတ်သက်၍ တက်ရော်ကလာသူများက မေးမြန်းရာမှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က AA နှင့် မိတ်ဆွေဖွဲ့မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အာရက္ခတပ်တော် AA နဲ့ ကျနော်တို့ ပြဿနာဖြစ်ရင် သူတို့က အင်အားပိုကောင်းတယ်၊ သူတို့မှာ အင်အားတော်တော် များတယ်။ ဒါကြောင့် တိုက်ပွဲမဟုတ်ဘဲ ချစ်ကြည်ရင်းနှီးရမယ် သူငယ်ချင်းအဖြစ်မိတ်ဆွေဖွဲ့ရမယ်။” ဟု ပြောသည်။

ချင်းအမျိုးသားတပ် CNF, Chin Brotherhood, Chinland Council, ZRA အရှေပိုင်း အနောက်ပိုင်းတိုင်းပဲ, AA နှင့် PDF တို့မှာ တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ပြီး မီဇိုရမ်နှင့် အချင်းချင်းကြား ပြဿနာဖြစ်နေလျှင် စစ်ကောင်စီက ဝမ်းသာအားရမည်ဖြစ်ပြီး မိတ်ဆွေမလုပ်ပါက မီဇိုရမ်က လောင်တလိုင်ခရိုင်ကို လာထိနိုင်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့က အမေရိကန်ပြည်ထောင်စုတွင်ကျင်းပသော ၃၁ ကြိမ်မြောက် “Mizo Day” အခမ်းအနားကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ က ဧည့်သည်အဖြစ် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ပြီး မီဇိုရမ်ဝန်ကြီးချုပ်က ” ချင်းတော်လှန်ရေး တပ်ဖွဲ့တွေ အချင်းချင်း စည်းလုံးညီညွတ်မှု အားကောင်းလာဖို့ လုပ်ရမယ်။ ဘာသာရေးအသင်းအဖွဲ့နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကြားမှာလည်း ပူးပေါင်းဆောင်ရွက် အားကောင်းအောင် လုပ်ရမယ်။ ” ဟု တိုက်တွန်းခဲ့သည်။

ချင်း-မီဇိုး-ကူကီ မျိုးနွယ်စုများ၏ ရိုးရာယာဉ်ကျေးမှု၊ ဓလော့ထုံးတမ်းစဉ်လာ၊ ဘာသာစကား၊ ပွဲတော်နှင့် သီချင်းပုံပြင်များမှာ တူညီကြပြီး ပိုင်းခြား၍မရသော လူမျိုးဖြစ်ကြသည်ဟု မီဇိုရမ်ဝန်ကြီးချုပ်က ဆိုသည်။

မီဇိုရမ်ဝန်ကြီးချုပ်က အာရက္ခတပ်တော် AA နှင့် မိတ်ဆွေဖွဲ့ရမည်ဟု ပြောဆိုနေသော်လည်း မြေပြင်အခြေအနေတွင် လောင်တလိုင်ခရိုင်ထဲက ကုန်ပစ္စည်းများဝယ်ယူပြီး ချင်းနှင့် ရခိုင်ပြည်သို့ ကုန်သွယ်နေကြသည့် စီးပွားလုပ်ရေးငန်းရှင်များကို ဖမ်းဆီးခြင်း၊ ကုန်ပစ္စည်းများအား တားမြစ်ခြင်းတို့ကို ဆောင်ရွက်နေသည်။

ဒေသအာဏာပိုင်များအားကိုးဖြင့် လောင်တလိုင်ခရိုင်လူငယ်အဖွဲ့အစည်များမှာ ရခိုင်ကုန်သည်များကို အဓိကပစ်မှတ်ထားကာ ကုန်သွယ်မှုပြုလုပ်ခွင့်ကို တင်းတင်းကျပ်ကျပ် တားမြစ်ပိတ်ပင်နေသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version