Western News

မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းများကြားတွင် ဖက်ဒရယ်နှင့် ပတ်သတ်၍ အမျိုးမျိုးသော ခံယူချက်များ ကွဲပြားနေကြသည့်အတွက် တော်လှန်ရေး ၉ ဖွဲ့က ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စု အားကောင်းမှုဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည်ဟု စက်တင်ဘာလ ၁၉ ရက်တွင် ကြေညာသည်။

တော်လှန်ရေး ၉ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါ တီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့ဖြစ်သည်။

အဆိုပါ တော်လှန်ရေးအဖွဲ့ ၉ ခုက အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ကို သဘောတူညီခဲ့ကြသည်ဟု ဆိုသည်။

ဖက်ဒရယ်စနစ်တွင် ဗဟိုကနေ ပြည်နယ်ကို ခွဲပေးသည့် အာဏာ၊ ပြည်နယ်ကနေ ပြည်ထောင်စု (ဗဟို) သွားသည့် စနစ် စသဖြင့်ရှိသည့်အတွက် မြန်မာနိုင်ငံရေးပြဿနာအား ဖြေရှင်းနိုင်မည့် စနစ်ကို ရွေးထားကြောင်း KNPP အထွေ ထွေအတွင်းရေးမှူး – ၁ စောအောင်ဆန်းမြင့်က ပြောသည်။

“ကျနော်တို့နိုင်ငံရဲ့ အခြေအနေကို ကြည့်လိုက်တဲ့အခါမှာ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး အခြေခံမူနဲ့သွားမှသာ ကျနော်တို့ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းနိုင်မယ်။ အနာဂတ်မှာလည်း ကျနော်တို့အားလုံး ပြောနေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ကျနော်တို့က ဒီနေ့တည်ဆောက်မယ့် ဖက်ရယ် ပြည်ထောင်စုကို Bottom-up Federalism နဲ့ သွားမယ်ဆိုတာ တညီတညွတ်တည်း ကျနော်တို့က ထုတ်ပြန်ကြေညာတာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ဒီနေ့ ဖက်ဒရယ်လို့ပြောနေကြတဲ့ State Holder တွေ ကြားထဲမှာကို သွားချင်တဲ့ ဖက်ဒရယ်စနစ်က မတူသေးဘူးလေ၊ အဲဒီတော့ ကျနော်တို့ အစုအဖွဲ့တွေကတော့ ဒီလိုသွားမယ်ဆိုတာ အတိအလင်းထုတ်ပြန်တာဖြစ်တယ်။” ဟု ဆိုသည်။

နှစ်ပေါင်း ၇၀ ကျော် ဗဟိုချုပ်ကိုင်မှုစနစ်အောက်တွင် နေလာရပြီး နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိသည့်အပြင် စစ်အာဏာရှင် လက်အောက်မှာပဲ ဆက်လက် အသက်ရှင်နေထိုင်နေရကြောင်းနှင့် ယခု နွေဦးတော်လှန်ရေး၊ လူထုတော်လှန်ရေးမှာ အနာဂတ်မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုအနေဖြင့် တည်ဆောက်ရမည်ဟု ပြောဆိုကြသည်။

မြန်မာ့ဖက်ဒရယ်ကို ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ချဉ်းကပ်မှုဖြင့် တည်ဆောက်သွားမည်ဟု သိရသည်။

ထိုသို့ တည်ဆောက်ရာတွင် Bottom-up Federalism ကို အောက်ပါ အခြေခံမူများနှင့်အညီ တည်ဆောက်သွားမည်ဟု အဆိုပါ ၉ ဖွဲ့က ဆိုသည်။

အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် ယူနစ်များအတွင်းရှိ ပြည်သူများ ပိုင်ဆိုင်ခြင်း၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံခြင်း၊ အချုပ်အခြာအာဏာ (Sovereignty), သွေးစည်းညီညွှတ်မှု (Solidarity), လူထုနှင့်အနီးကပ်ဆုံးအာဏာ (Subsidiarity), အချိုးကျမှု (Proportionality) အခြေခံမူများအတိုင်း လုပ်ပိုင်ခွင့်အာဏာ ခွဲဝေခြင်းကို ဆောင်ရွက်မည်ဟု သိရသည်။

KNPP အထွေထွေအတွင်းရေးမှူး – ၁ စောအောင်ဆန်းမြင့်က “ဒါနဲ့ပတ်သက်ပြီးမှ တခြားနိုင်ငံရေးအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ တခြားအဖွဲ့တွေပေါ့ဗျာ၊ State Holder တွေနဲ့လည်း ညှိနှိုင်းတာတွေ ရှိပါတယ်။ ဒါပေမယ့် ဒီနေ့ အချိန်မှာတော့ ကျနော်တို့ ၉ ဖွဲ့ကတော့ အတိအလင်းကြေညာလိုက်တာပေါ့၊ တချို့ကတော့ ဒီအပေါ်မှာ အားလုံးကတော့ ထောက်ခံပါတယ်၊ သဘောတူတယ်။ သို့သော်လည်းပဲ အမည်နာမအနေနဲ့ ဖော်လို့မရသေးတဲ့ အဖွဲ့တွေလည်း ကျန်နေသေးတာပေါ့။” ဟု ပြောသည်။

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး Bottom-up Federalism ကို တော်လှန်ရေးအင်အားစုများအကြား ဆက်လက်ညှိနှိုင်းအကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးချမှတ်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အထက်ပါ သဘောတူညီချက်နှင့် လုပ်ငန်းစဉ်များကို မိမိတို့ တိုင်းရင်းသား ခုခံတော် လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီများမှ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွ လက်တွဲအကောင် အထည်ဖော်ဆောင်သွား မည်ဖြစ်ကြောင်း အသိပေးထားသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version