Western News

တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ် Soulik ကြောင့် ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မြေနိမ့်ပိုင်း ရေလွှမ်းနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။

ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် ညနေ တိုင်းတာချက်များအရ အပူပိုင်းမုန်တိုင်းငယ် Soulik သည် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိနေသည်။

ယင်းမှတစ်ဆင့် အနောက်ဘက်သို့ ဦးတည်ရွေ့လျားနေပြီး ယနေ့အစောပိုင်း လာအိုနိုင်ငံအလယ်ပိုင်းသို့ ဖြတ်သန်းဝင်ရောက်ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား၍ ယနေ့ညပိုင်း ထိုင်းနိုင်ငံအရှေ့ဘက်တွင် အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားကြသည်။

ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်အစပျိုး အားကောင်းလာနိုင်သည်ဟု ဆိုသည်။

သို့ဖြစ်ရာ မုန်တိုင်းနှင့်အတူ မုတ်သုံလေများ တိုက်ခတ်ခြင်းကြောင့် လာမည့် ၄၈ နာရီအတွင်း ရှမ်းပြည်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်၊ ကရင်နီပြည်၊ ပဲခူးတိုင်း၊ ကရင်ပြည်၊ မွန်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် နေရာစိပ်စိပ်မှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားကြသည်။

ပဲခူးတိုင်း၊ ကရင်နီပြည်၊ ကရင်ပြည်နှင့် မန္တလေးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

အဆိုပါ အပူပိုင်းမုန်တိုင်း Soulik ၏ အရှိန်ကြောင့် မြန်မာနိုင်ငံ နေရာဒေသ အတော်များများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ပြောဆိုထားကြသည်။

ဒေသခံပြည်သူများအနေဖြင့် နေရာကွက်၍ မိုးကြီးခြင်း၊ ရေလွှမ်းမိုးခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနှင့် ကမ်းပြို/မြေပြိုခြင်းအန္တရာယ်များကို သတိပြုနေထိုင်ကြရန် မိုးလေဝသပညာရှင်များက ကြိုတင် အသိပေးထားသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါ တစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း သိရသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ကြောင်း ဆိုသည်။

ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ကြောင်း ထုတ်ပြန်ထားကြသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version