Western News

ကရင်နီပြည် (ကယား) ဖယ်ခံမြို့နယ်က အပြစ်မဲ့အရပ်သားပြည်သူများ စစ်ရှောင်နေသော ဘန်ကောက်စစ်ရှောင်စခန်းကို စက်တင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ ဗုံးကြောင့် စစ်ရှောင်ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူ ၂၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။

စစ်ရှောင်အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ဖြိုခွဲခြင်းဖြစ်ပြီး ထိုဗုံးကြဲတိုက်ခိုက်မှုကိုလည်း ကရင်နီအရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာအရပ်ဘက်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများ စုစုပေါင်း ၃၁၆ ဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ထားကြသည်။

၃၁၆ ဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီသည် လူသားမျိုးနွယ်များနှင့် တိုင်းရင်းသားပြည်သူများအပေါ် နေ့စဉ် ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု ဆိုသည်။

“စစ်အုပ်စုက ယခုကဲ့သို့ အရပ်သားစစ် ဘေးရှောင်ပြည်သူများ နေထိုင်သည့် စစ်ရှောင်စခန်းကို ဦးတည်တိုက်ခိုက်ခြင်းသည် နိုင်ငံတကာပြဌာန်းထားသည့် စစ်ဖက်ကျင့်ဝတ်ဆိုင်ရာ ဥပဒေအား အကြမ်းဖက်သည့်လုပ်ရပ်ကို ပြောင်ပြောင်တင်းတင်းကျုးလွန်သည့်အပြင် ယခုလုပ်ရပ်သည် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝဏ်မှုကြီးတစ်ခုအဖြင့် မိမိတို့ အရပ်ဖက်အဖွဲ့ အစည်း များက သုံးသပ်ရှူမြင်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

၂ဝ၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်မှ ၂ဝ၂၄ ခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီ (မြန်မာစစ်အုပ်စု) က ကရင်နီပြည် အရပ်သားများကို လေကြောင်းမှ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု ၃၁၃ ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်ဘက်ပစ်မှတ်များဖြစ်သည့် ဘုရားကျောင်း ၅၂ ကျောင်း၊ စာသင်ကျောင်း ၂၅ ကျောင်းနှင့် ဆေးရုံ ၁၆ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး အရပ်သား သေကြေထိခိုက်မှု ၅၁၅ ဦး ရှိခဲ့သည်။

ကရင်နီပြည်တွင် နေရပ်စွန့်ခွာပြီး စစ်ဘေးမှ တိမ်းရှောင်ခဲ့ရသည့် လူဦးရေ စုစုပေါင်း (၂) သိန်းဝန်းကျင်ခန့် ရှိနေသည်။

ယခုကဲ့သို့ အရပ်သားများအပေါ်အကြမ်းဖက်သည့်လုပ်ရပ်များကို ကရင်နီပြည် အပြင် ရှမ်းမြောက်ပိုင်း၊ ကချင်၊ စစ်ကိုင်း နှင့် ရခိုင်တို့တွင်လည်း အလားတူ လုပ်ရပ်မျိုးကို အကြမ်းဖက်စစ်အုပ်စုက အကြိမ်ကြိမ်လုပ်ဆောင်နေကြောင်း ဆိုသည်။

နိုင်ငံတကာအနေဖြင့် သက်ကြီးရွယ်အိုအမျိူးသမီးများ၊ ကိုယ်ဝန်သည်များ၊ ထိလွယ်သောအုပ်စုများ၊ ကလေးသူငယ်များနှင့် အရပ်သားများအပေါ် နေ့စဉ်ရက်ဆက် ဆက်လက်ကျူးလွန်နေသော စစ်ကောင်စီ (စစ်အုပ်စု) ၏ အကြမ်းဖက်လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်အောင် လက်တွေ့ကျသော နည်းလမ်းမျိုးစုံဖြင့် အပြစ်ပေးအရေးယူမှုများပြုလုပ်ရန်နှင့် လေယာဉ်ဆီများနှင့် လက်နက်ခဲယမ်းများ ရောင်းချနေခြင်းများ ရပ်တန့်ရန် ကရင်နီအရပ်ဘက်အဖွဲ့အစည်း၊ မြန်မာအရပ်ဘက်အဖွဲ့အစည်း၊ တော်လှန်ရေးအင်အားစုများက လေးလေးနက်နက် တိုက်တွန်းတောင်းဆိုကြောင်း ထုတ်ပြန်သည်။

လက်ရှိတွင် ကရင်နီပြည်သည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အရ ဖယ်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခု၏ ကျင့်သုံးရမည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အညီ ကိုယ်ပိုင်အချုပ်အခြာအာဏာကို ကျင်သုံးနေသည့် ပြည်နယ်တစ်ခုလည်း ဖြစ်သည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version